[Zawgyi/Unicode]
ကပ်ရောဂါတတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ နေမကောင်းသူတော်တော်များများ ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင်ပမာဏကျလို့ အောက်စီဂျင် အလွန်အမင်းလိုအပ်နေကြပါတယ်။ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ အောက်စီဂျင်လုံလုံလောက်လောက်ရှိတယ်လို့ ပြောပါတယ်။ ကိုဗစ်တိုက်ဖျက်ရေး မြေပြင်မှာ လက်တွေ့ဆောင်ရွက်နေသူတွေကရော အောက်စီဂျင်အလုံအလောက်ရှိနေတယ်ဆိုတဲ့ ပြောကြားချက်အပေါ် ဘယ်လိုတုံ့ပြန်ကြပါသလဲ၊ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံ မဆုမွန်ပြောပြပါမယ်။
ကိုဗစ်အတည်ပြုလူနာနဲ့ သံသယလူနာတွေအတွက် အောက်စီဂျင်အလုံအလောက် မရရှိတဲ့ ပြဿနာဟာ နိုင်ငံတဝန်း ကပ်ရောဂါကူးစက်မှုဖြစ်ပွားနေတဲ့ ဒေသတိုင်းလိုလိုမှာ ရင်ဆိုင်နေရတာပါ။ အောက်စီဂျင်ရရှိဖို့ တော်တော်ခက်ခဲလာတဲ့ မြေပြင်မှာကြုံတွေ့နေတဲ့ အခက်အခဲဟာ လူမှုကွန်ယက်ပေါ်မှာလည်း လူပြောများလာပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်ရှိအနေအထားမှာ အောက်စီဂျင်လုံလုံလောက်လောက်ရှိတယ်လို့ လူပြောများနေတဲ့အပေါ် တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် ကြောက်လန့်စိုးရိမ်ပြီး ကြိုတင်ဝယ်ယူထားတာ၊ မသမာတဲ့နည်းလမ်းနဲ့ လုပ်ဖို့ ဆောင်ရွက်တာတွေရှိနေတယ်လို့လည်း ပြောပါတယ်။ နေ့စဉ်နဲ့အမျှ ကိုဗစ်အတည်ပြုလူနာတွေနဲ့ သံသယလူနာတွေအတွက် အောက်စီဂျင်လိုအပ်ချက် ကြီးမားနေတဲ့ ကလေးမြို့မှာတော့ အရင်ကထက် အောက်စီဂျင်ရနိုင်ဖို့ဟာ ပိုခက်ခဲလာပါတယ်။ အရင်က မုံရွာမြို့နဲ့ မန္တလေးမြို့တွေအထိ အောက်စီဂျင်ဖြည့်ဆည်းပြီး ဒေသရဲ့လိုအပ်ချက်ကို လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ ကလေးမြို့မှာ အောက်စီဂျင်ဖြည့်ပေးနိုင်တဲ့နေရာ တနေရာမှာမရှိတော့ဘူးလို့ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။
"ဒီနေ့ ပြင်ပမှာ တဘူးမှဝေတဲ့နေရာ မရှိဘူးဗျ။ အရင်ကသွားယူနေတဲ့ မန္တလေးမှာလည်း လူငှားပြီးတော့ တန်းစီနေရတယ်ဗျ။ အရင်ကထက်ကို တော်တော်ကိုကြပ်တယ်ဗျ။ ကျနော်တို့ ကလေးမြို့မှာတော့ အောက်စီဂျင်ကြိုဆောင်ထားတယ်ဆိုတာ မရှိပါဘူး၊ မျှဝေပြီးပေးနေကြတာပဲ။ အောက်စီဂျင်သွားယူရင် အရင်ကဆို တညအိပ်နဲ့ ပြန်ရောက်လာတယ်။ အခု ကျနော်လွှတ်ထားတဲ့ကားက မန္တလေးမှာတင် ၃ ရက်ရှိပြီဗျ၊ ဘူး ၅၀ ကျော်လေးတောင်မှ အခုထိမရသေးဘူးဗျ။ ပြောရရင် လူနာတွေသေဆုံးနေကြတာပါပဲ၊ အောက်စီဂျင်လုံလောက်မှု မရတော့။ တချို့ဆို ငိုယိုပြီးတော့ မပေးနိုင်တော့ဘူးလားပေါ့၊ ကျနော်တို့မှာလည်း မရှိတော့ ဘယ်လိုမှလုပ်ပေးလို့ မရဘူးလေ။ ရှိသမျှကိုတော့ တန်းစီထားတဲ့ဘူးတွေအကုန် ရရင်ရသလို ဖြည့်ပေးနေတယ်ဗျ။"
SEE ALSO: ရန်ကုန်တိုင်းအတွင်းသုဿန်တွေ မီးသဂြိုလ်ပေးရမှု ပုံမှန်ထက်အဆများစွာတိုးလာရောဂါကူးစက်ခံရသူ အတည်ပြုလူနာတိုးလာလို့ မြစ်ကြီးနားမြို့ကိုလည်း ဒီကနေ့ကစပြီး Stay at Home သတ်မှတ်လိုက်ပါတယ်။ မြို့ပေါ်မှာ အတည်ပြုနိုင်တဲ့ လူနာအရေအတွက်ထက် ရောဂါသံသယရှိပြီး စစ်ဆေးမှုမခံယူဘဲ ကိုယ့်ရဲ့နေအိမ်မှာသာ နေထိုင်ပြီးကုသနေသူတွေက ပိုများနေတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ အောက်စီဂျင်လိုအပ်ချက်ကို ပရဟိတအသင်းတွေက ပေးနိုင်ဖို့အတွက် ဆေးစာထောက်ခံချက် လိုအပ်နေပြီး၊ တော်တော်များများက ဆရာဝန်ဆီကနေ ဆေးစာယူဖို့ အခက်အခဲရှိနေလို့ အောက်စီဂျင်ဟာ လိုအပ်သူတိုင်းအတွက် ရနိုင်ဖို့ခက်ခဲနေတယ်လို့ ကိုဗစ်လူနာတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
"တော်တော်များများက ဆေးရုံ၊ ဆေးပေးခန်းတွေကို သွားပြပြီးကုတဲ့သူရယ်လို့ ရာခိုင်နှုန်းအပြည့်ရှိ မနေဘူးပေါ့နော်။ အဲဒီတော့ တဘက်ကနေမှ ဆေးစာပြပါလို့ ပြောလို့ရှိရင် ဆေးစာသွားယူဖို့အတွက် ဆရာဝန်တွေ့ဖို့အတွက် အခက်အခဲရှိနေကြတာပေါ့။ အဲဒီတော့ လောလောဆယ် အောက်စီဂျင်ကတော့ ပေးဆပ်သူ နာရေး ကူညီမှုအသင်းကနေ အဓိက သူတို့ပံ့ပိုးနေတယ်။ ဆိုတော့ အောက်စီဂျင်က အရေးပေါ် ဖြစ်လာပြီဆိုရင် ပြင်ပကနေ လိုက်ပြီးရှာဝင်မယ်ဆိုရင် အောက်စီဂျင်က ဆိုင်တိုင်းမှာပြတ်တာ များတယ်။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကပဲ မိတ်ဆွေတယောက်က အကူအညီတောင်းလို့ အောက်စီဂျင်လိုက်ရှာပေးတဲ့အချိန်မှာ ဂတ်စ်ရောင်းတဲ့ဆိုင်တိုင်းမှာ အောက်စီဂျင်တွေပြတ်နေတာပေါ့နော်။ ခုဏက လူမှုရေးအသင်းကလည်း သူတို့ရဲ့ဥပဒေကြောင်းအရ ကူညီမယ်ဆိုရင် ဆေးစာပါမှ ကူညီလို့ရမယ်ဆိုတော့ ဆေးစာမရှိတဲ့သူတွေမှာက ဒီပြဿနာတော့ ရှိတယ်။"
အောက်စီဂျင်လိုအပ်ချက်ဟာ ဆေးရုံ၊ ဆေးခန်းနဲ့ ပရဟိတ လူမှုကယ်ဆယ်ရေး အသင်းတွေ အများဆုံးရှိနေတဲ့ ရန်ကုန်မြို့မှာတောင် လိုအပ်သူတိုင်း ရနိုင်ဖို့ခက်ခဲနေပါတယ်။ အခကြေးငွေယူပြီး အောက်စီဂျင်ဖြည့်ပေးနေတဲ့ စက်မှုဇုန်တွေရှေ့ လူအစုလိုက် တန်းစီစောင့်ဆိုင်းတာတွေ၊ လူမှုကူညီရေးအသင်းတွေကနေ အောက်စီဂျင်အခမဲ့ ရနိုင်ဖို့ ကြိုးပမ်းနေရသူတွေ နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။ လူနေထူထပ်ပြီး စက်ရုံလုပ်သားအများစု နေထိုင်ရာ လှိုင်သာယာမြို့နယ်မှာလည်း လူနာတွေ ကျန်းမာရေးကုသမှု ခံယူဖို့ ခက်ခဲနေပါတယ်။ လူနာတွေကို ဆေးရုံ၊ ဆေးခန်းသွားပို့ရင် လက်မခံဘဲ ကိုယ့်ရဲ့နေအိမ်မှာသာ နေစေဖို့ ပြန်လွှတ်တာတွေကြုံနေရပြီး၊ အောက်စီဂျင်ပြတ်လတ်ပြီး သေဆုံးသူတွေများလာတယ်လို့ ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ ဇီဝိတပရဟိတ ဥက္ကဋ္ဌ ဆရာတော် ရှင်ကောသလက မိန့်ပါတယ်။
"ဘုန်းဘုန်းတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိရာ စစ်ကောင်စီတွေကို ဖုန်းဆက်ပြီးတော့ ဝိုင်းဝန်းကူညီကြဖို့ ပြောဆိုတဲ့အခါမှာ သူတို့က ဆေးရုံအုပ်ကိုပဲ လွှဲတယ်။ ဆေးရုံအုပ်ကို ဖုန်းဆက်ပြန်တော့ ဆေးရုံအုပ်က ဘာပြောလဲဆိုရင် ဒီအထက်က ဘာမှညွှန်ကြားထားတာ မရှိတဲ့အတွက်ကြောင့် သူတို့ဘာမှလုပ်ပေးလို့ မရဘူး။ ဆေးရုံ၊ ဆေးခန်းတွေ သွားတဲ့အခါမှာလည်း အနံ့ပျောက်တယ်၊ အသက်ရှူကြပ်တယ်ဆိုရင် လူနာကိုအချမခံဘူး၊ ပြန်ခေါ်သွားဖို့၊ အနောက်ပြန်လှည့်ဖို့ပဲ ပြောတယ်။ ဘုန်းဘုန်းတို့ရဲ့ မျက်စိရှေ့မှာကိုပဲ အောက်စီဂျင်မရဘဲနဲ့ သေသွားတဲ့သူတွေတင် မနည်းတော့ဘူး။ အခုလည်း ဘုန်းဘုန်းတို့က အောက်စီဂျင်အတွက် လိုက်လုပ်ပေးနေရတယ်။ တော်တော်များများ စက်ရုံတွေကလည်း ပိတ်ထားတယ်၊ ဘယ်လိုကြောင့် ပိတ်ထားလဲကို မသိဘူး။"
အောက်စီဂျင်ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ ပုဂ္ဂလိကပိုင်စက်ရုံတွေမှာ တဦးချင်းအောက်စီဂျင်ဗူးတွေ လာဖြည့်နေတာ မဖြည့်ပေးဘဲ အဓိကလုပ်နေတဲ့ ဆေးရုံ၊ ဆေးခန်းတွေအတွက်သာ ဖြည့်ပေးဖို့ ကန့်သတ်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ ပြည်သူတွေအနေနဲ့ အောက်စီဂျင်အရေးပေါ် လိုအပ်ချက်ကို ရှာဖွေရင်း လူနာအသက်မမီလိုက်တဲ့ အဖြစ်ဆိုးတွေလည်း ရှိနေပါတယ်။ မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ထားတဲ့ မြို့နယ်ပေါင်း ၇၄ ခုရှိပါတယ်။
.....................................................................................
Your browser doesn’t support HTML5
[Unicode Version]
ကိုဗဈလူနာတှေ အောကျဆီဂငြျရဖို့ အခကျအခဲကွီးနဆေဲ