အသားထုတ်လုပ်ငန်းတွေ ဆက်လုပ်ဖို့ သမ္မတထရမ့်ပ် အမိန့်ထုတ်

အမေရိကန်သမ္မတ Donald Trump

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ စားသောက်ကုန် ထုတ်လုပ်မှုတွေအပေါ် စိုးရိမ်မှုတွေ တိုးလာနေပေမဲ့လည်း အသားထုတ်လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ခွင့်ပေးသွားဖို့ သမ္မတ Donald Trump က အမိန့်ထုတ်လိုက်ပါတယ်။

ဈေးဆိုင်တွေမှာ ကြက်၊ ဝက်နဲ့ တခြားအသားတွေ ပြတ်လပ်မသွားအောင် ကာကွယ်ရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု အက်ဥပဒေအရ အသားထုတ်လုပ်ငန်းကို မရှိမဖြစ်လိုအပ်တဲ့ ကုန်ထုတ်လုပ်ငန်းအဖြစ် သတ်မှတ်လိုက်တဲ့ အမိန့်ကိုတော့ မနေ့ကပဲ သမ္မတ Trump လက်မှတ်ရေးထိုး အတည်ပြုလိုက်တာပါ။

အလုပ်သမားသမဂ္ဂတွေကတော့ အလုပ်သမားတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို အလေးမထားတဲ့ လုပ်ရပ်အဖြစ် ကန့်ကွက်ခဲ့ကြပါတယ်။ အမေရိကန်မှာ အကြီးဆုံး အသားထုပ်ပိုးလုပ်ငန်းတွေဖြစ်တဲ့ အိုင်အိုဝါနဲ့ တောင်ဒါကိုတာ ပြည်နယ်တွေက စက်ရုံတွေအပါအဝင် စက်ရုံပေါင်း ၂၀ ကျော်ကတော့ ဒေသခံအာဏာပိုင်တွေနဲ့ အလုပ်သမားတွေရဲ့ ဖိအားတွေကြောင့် ပိတ်ထားရပါတယ်။

တခြားစက်ရုံတွေမှာလည်း အလုပ်သမားတွေ နေထိုင်မကောင်းဖြစ်တာ၊ ရောဂါမကူးအောင် အိမ်မှာပဲ နေကြရတာကြောင့် လုပ်ငန်းတွေကို လျှော့ချထားရတာပါ။ သမ္မတ အမိန့်မှာတော့ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်မယ်ဆိုရင် တိုင်းပြည်ရဲ့ အသားထုတ်လုပ်ငန်း လည်ပတ်မှုတွေကို ထိခိုက်နိုင်သလို အရေးပေါ် အခြေအနေမျိုးမှာ အရေးကြီးတဲ့ ကုန်ထုတ်လုပ်ငန်းကို ထိခိုက်နိုင်ကြောင်း ပြောဆိုထားပါတယ်။

အစားအသောက်နဲ့ လက်လီလုပ်ငန်းက အလုပ်သမား ၁,၃၀၀,၀၀၀ ကို ကိုယ်စားပြုထားတဲ့ အမေရိကန် အလုပ်သမားသမဂ္ဂ အဖွဲ့တခုဖြစ်တဲ့ UFCW ကတော့ အမေရိကန်က စားသောက်ကုန် ထုတ်လုပ်ရေးနဲ့ ထုပ်ပိုးရေးလုပ်ငန်းတွေက သမဂ္ဂအဖွဲ့ဝင် အလုပ်သမား ၂၀ ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးခဲ့ရကြောင်း မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။

နေထိုင်မကောင်းဖြစ်တာ ဒါမှမဟုတ်ရင်လည်း ရောဂါပိုးရှိသူနဲ့ နီးနီးကပ်ကပ် နေခဲ့ကြတဲ့ အလုပ်သမား အရေအတွက်ဟာလည်း ခန့်မှန်းချေ ၆,၅၀၀ လောက်ရှိနေကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့က ပြောဆိုထားပါတယ်။

[Unicode Version]






