နိုင်ငံအများအပြား COVID-19 ကူးစက်မှု ဆက်တိုးလာနေကြောင်း WHO သတိပေး

အင်ဒိုနီးရှားနိုင်ငံ Medan မြို့မှာ အင်ဒိုနီးရှား ရဲအမျိုးသားတဦးကို COVID-19 ရောဂါရှိ၊ မရှိ စစ်ဆေးပေးဖို့ swab နမူနာ ယူနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (ဇွန် ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

နိုင်ငံတော်တော်များများမှာ သွားလာလှုပ်ရှားမှု ကန့်သတ်တားမြစ်ချက်တွေကို ဖြေလျှော့ပေးနေချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်တိုးလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောပါတယ်။

နိုင်ငံကြီးတော်တော်များများမှာ ရောဂါကူးစက်မှုတွေ အမြင့်ဆုံးအဆင့်ကို ရောက်နေတာ၊ ဒါမှမဟုတ် အမြင့်ဆုံးအခြေအနေကို ဦးတည်နေတာတွေ တွေ့မြင်နေရကြောင်း WHO အရေးပေါ်လုပ်ငန်း အကြီးအကဲ Dr. Michael Ryan က သတိပေးခဲ့တာပါ။

ဂျာမနီ၊ တောင်အာဖရိကနဲ့ အိန္ဒိယ အပါအဝင် နေ့စဉ် COVID-19 အတည်ပြုလူနာ ၁၅,၀၀၀ ခွဲလောက်ရှိနေတဲ့ နိုင်ငံတော်တော်များများမှာတော့ အရေးပေါ်ကာလ ကန့်သတ်ချက်တွေ ပြန်လည်ထုတ်ပြန်ဖု့ိ စီစဉ်နေသလို နောက်ထပ်တိုးလာတဲ့ လူနာတွေကို ကုသဖို့လည်း ပြင်ဆင်နေရပါတယ်။

WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus

အစောပိုင်းက ကမ္ဘာတဝန်း ရောဂါကူးစက်မှု ၁,၀၀၀,၀၀၀ ပြည့်ဖို့ ၃ လကြာခဲ့ပေမဲ့ မကြာသေးခင်ကတော့ ၁,၀၀၀,၀၀၀ ပြည့်ဖို့ ၈ ရက်သာ ကြာခဲ့တယ်လို့လည်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သတိပေးခဲ့တာပါ။

အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုက ဗိုင်းရပ်စ်ပိုးမဟုတ်ဘဲ ကမ္ဘာကြီးမှာ ညီညွှတ်မှုနဲ့ ဦးဆောင်မှု အားနည်းချက် ဖြစ်တယ်လို့လည်း ဘယ်နိုင်ငံ၊ ဘယ်ခေါင်းဆောင်ဆိုတာကို တိတိကျကျ ရည်ညွှန်းတာမျိုး မရှိဘဲ မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေအရ ကမ္ဘာတဝန်းမှာ သေဆုံးသူ ၄၇၄,၀၀၀ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉,၀၀၀,၀၀၀ ကျော်အထိ ရှိနေပါတယ်။

Your browser doesn’t support HTML5

နိုင်ငံအများအပြား COVID-19 ကူးစက်မှု ဆက်တိုးလာနေကြောင်း WHO သတိပေး

[Unicode Version]







SEE ALSO: နိုင်ငံရေးအရအသုံးချခံရတဲ့ ကမ္ဘာ့ကပ်ရောဂါ အခြေအနေပိုဆိုးလာ

