{{Zawgyi/Unicode}}
Covid-19 ကူးစက်ရောဂါစတင်ဖြစ်ပွားရာ မူလဇစ်မြစ်နဲ့ပတ်သက်လို့ နိုင်ငံအားလုံးက စုံစမ်းသိရှိထားသမျှတွေ ထုတ်ဖော်ပြောဆိုဖို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တောင်းဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ဓာတ်ခွဲခန်းတခုကနေ စတင်ခဲ့တယ်လို့ အမေရိကန်ကစွပ်စွဲခဲ့တာကို တရုတ်ဘက်က ဒေါသတကြီး ငြင်းဆိုအပြီးမှာ အခုလို WHO က တောင်းဆိုခဲ့တာပါ။
ဒီလို WHO နဲ့ နိုင်ငံတကာအသိုင်းအဝန်းကို သတင်းအလက်အချက်တွေ ဝေမျှဖို့ တောင်းဆိုတာက အပြစ်တင်ဖို့မဟုတ်ဘဲ ဒီကပ်ရောဂါ ဘယ်လို စတင်ခဲ့သလဲဆိုတာနားလည်လာပြီး နောင်မှာ အလားတူကူးစက်ရောဂါ၊ ကပ်ရောဂါတွေကို ကြိုတင် ပြင်ဆင် ကာကွယ် တိုက်ဖျက်နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ရဲ့ အကဲဖြတ်ချက်အရ "ဒီရောဂါဟာ ဝူဟန်က ဓာတ်ခွဲခန်းမတော်တဆဖြစ်မှုက စတင်ခဲ့တာဖြစ်နိုင်ခြေအရှိဆုံးပဲ" လို့ FBI ညွှန်ကြားရေးမှူး Christopher Wray က သိပ်မကြာခင်က မီဒီယာကို ထုတ်ပြောခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်အသစ်ရဲ့ ပထမဆုံးကူးစက်မှုကို ဗိုင်းရပ်စ်သုတေသနဓာတ်ခွဲခန်းရှိတဲ့ ဝူဟန်မှာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ စတင် တွေ့ရှိခဲ့ပါတယ်။
တရုတ်အာဏာပိုင်တွေဘက်ကတော့ အဲဒီလို FBI ရဲ့ ပြောကြားချက်ကို ပယ်ချပြီး တရုတ်နိုင်ငံကို အပုပ်ချတဲ့ဝါဒဖြန့်ချီတာလို့ တန်ပြန်ခဲ့ပါတယ်။
WHO ကတော့ ကပ်ရောဂါရဲ့ဇစ်မြစ်ကိုဖော်ထုတ်နိုင်ရေး လက်မလျှော့သေးဘူးလို့ ပြောပြီး တရုတ်နိုင်ငံကိုလည်း အချက်အလက်တွေ မျှဝေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီး ရလဒ်တွေကို မျှဝေပေးဖို့ ဆက်လက်တောင်းဆိုနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီကိစ္စကို နိုင်ငံရေးအဖြစ်ပုံဖော်နေရင် ရောဂါရဲ့မူလအစကို သိပ္ပံနည်းကျ ရှာဖွေဖို့ပိုမိုခက်ခဲစေပြီး ကမ္ဘာကြီး ဘေးကင်းနိုင်မယ့်အရေးကလည်း ဝေးနေမယ် လို့ WHO က ပြောပါတယ်။
လက်ရှိမှာတော့ WHO က တာဝန်ရှိသူတွေဟာ အမေရိကန်က တွေ့ရှိထားတဲ့ နောက်ထပ်အချက်အလက်တွေအတွက် သိနိုင်ဖို့ ဂျီနီဗာရှိ အမေရိကန်မစ်ရှင်ထံ ဆက်သွယ်ထားတယ် ဆိုပါတယ်။
အမေရိကန်ဘက်က စွပ်စွဲထားသလို တရုတ်ဓာတ်ခွဲခန်းက စတင်ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေရဲ့အခြေခံ ကိုးကားထားတဲ့အချက်အလက် ဒေတာတွေကို WHOက ကြည့်ခွင့်မရသေးပါဘူး။
ကမ္ဘာတဝန်းမှာ Covid-19 ကြောင့် သေဆုံးသူ ၆.၈ သန်းကျော်နဲ့ အတည်ပြုလူနာ ၇၅၈ သန်းကျော် ရှိတယ်လို့ WHO က မှတ်တမ်းပြုစုထားနိုင်ပြီး အမှန်တကယ်သေဆုံးသူအရေအတွက်က ဒီထက်ပိုတယ်လို့ WHO က ဆိုပါတယ်။
Your browser doesn’t support HTML5
============
{{Unicode}}