ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ထွက်ပြေး ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်း လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ မိမိသဘောနဲ့ ပြန်ကြတာကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုလားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Earl R. Miller က ပြောကြား လိုက်ပါတယ်။ သံအမတ်ကြီး Miller ဟာ အင်္ဂါနေ့က Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ရာမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ် အစိုးရတို့ကို အမေရိကန် ဆက်လက် ကူညီ ပေးသွားမယ့်အကြောင်းလည်း ပြောကြား ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
အခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် စတင် တာဝန်ထမ်းဆောင်တဲ့ သံအမတ်ကြီးသစ် Earl Robert Miller ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကိုယ်တိုင် လေ့လာကြည့်ရှုဖို့အတွက် အင်္ဂါနေ့က Ukhia ဒေသမှာရှိတဲ့ Balukhali ဒုက္ခသည်စခန်းကို ပထမဆုံး သွားရောက်ခဲ့တာပါ။
စခန်းအတွင်းမှာရှိနေတဲ့ ဒုက္ခသည်တွေ၊ စခန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် သံအမတ်ကြီးက သတင်းထောက်တွေနဲ့ တွေ့ဆုံတာမှာ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး အမေရိကန်အစိုးရက လိုလားကြောင်း အခုလို ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်ကတော့ - ဒုက္ခသည်တွေ တိကျတဲ့ သတင်း အချက်အလက်တွေ ရရှိပြီးတဲ့နောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်ကြတာကို လိုလားပါတယ်။ အဲဒါက ကျနော်တို့ရဲ့ သဘောထားပါတယ်။ အဲဒီလို အခြေအနေတွေ ဖြစ်လာဖို့အတွက်ကတော့ မြန်မာဘက်က လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းကို ပြန်ကြတဲ့အခါ ဘေးကင်းလုံခြုံမှု ရှိနိုင်မှာ ဖြစ်ပါတယ်။”
အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေသာမကဘဲ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း အကူအညီ ပေးသွားမှာ ဖြစ်ကြောင်း သံအမတ်ကြီး Miller က ပြောပါတယ်။
“နိုင်ငံတကာ အကူအညီပေးသူနဲ့အတူ အမေရိကန်ပြည်ထောင်စုက လက်ရှိ ပေးနေတဲ့ အကူအညီတွေဟာ ရိုဟင်ဂျာတွေအတွက် သက်သက်မဟုတ်ပါဘူး။ Cox’s Bazar ဒေသမှာရှိတဲ့ လူတွေအားလုံးအတွက် ဖြစ်ပါတယ်။ အိမ်ရှင် လူမှု အသိုင်းဝိုင်းအတွက်လည်း တူညီတဲ့ အကူအညီတွေ ပေးနေပါတယ်။ တကယ်တော့ ကျနော်တို့အားလုံး မိသားစု၊ လူမှုအသိုင်း တခုထဲပါ။ ခွဲခြားပြောနေဖို့ မသင့်ပါဘူး။ အိုးအိမ်စွန့်ခွာပြီး ဒီနေရာကို ရောက်နေကြသူတွေ ဘေးကင်းလုံခြုံစွာ မြန်မာပြည်ဘက်ကို ပြန်နိုင်ရေး ကျနော်တို့ အားလုံးက လိုလားကြပါတယ်။”
ဒုက္ခသည်တွေရောက်လာတဲ့အတွက် သစ်တောတွေ ပြုန်းတီးခဲ့ရတာမှာ သစ်ပင်တွေ ပြန်စိုက်ပျိုးရေး လုပ်ငန်းတွေ အတွက်လည်း အမေရိကန်က ကူညီပေးနေတဲ့အကြောင်း သံအမတ်ကြီး Miller က ဆက်ပြောပါတယ်။
“Cox’s Bazar မှာ ဒုက္ခသည်စခန်းတွေ ဆောက်လိုက်တဲ့အတွက် သစ်တောတွေ ပြုန်းတီးသွားရတာဟာ စီးပွားရေး အရရော၊ သဘာဝပတ်ဝန်းကျင်အရပါ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အခု ဒီနေရာမှာ ကျနောတို့အားလုံး ဝိုင်းပြီးတော့ သစ်ပင်တွေ ပြန်စိုက်နေကြတာဟာ အင်မတန် ကောင်းမွန်တဲ့ကိစ္စပါ။ ဒါဟာ အားလုံး နွေးထွေး၊ လုံခြုံစွာ နေထိုင်နိုင်ရေးအတွက် တဦးကို တဦး ရိုင်းပင်း ကူညီကြတာလည်း ဖြစ်ပါတယ်။”
သံအမတ်ကြီး Earl Miller နဲ့အဖွဲ့ဟာ အင်္ဂါနေ့ ညနေပိုင်းမှာတော့ Bandarban အနီးက Zero Line လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် စည်းမျဉ်းပေါ်မှာ ရှိနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Balukhali ကြားခံစခန်းနဲ့ Kutupalong ဒုက္ခသည် စခန်းတွေကိုပါ သွားရောက်ခဲ့ပြီး အဲဒီမှာ ရှိနေတဲ့ USAID - အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီရဲ့ လုပ်ငန်းတွေကို လေ့လာခဲ့သလို IOM - နိုင်ငံတကာ ရွေ့ပြောင်းအခြေချ နေထိုင်သူများ ကူညီရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သံအမတ်ကြီး Miller ဟာ Cox’s Bazar ဒေသမှာ ရှိနေတဲ့ ဒုက္ခသည်စခန်းတွေကို ၃ ရက်ကြာ လိုက်လံ ကြည့်ရှုမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းဝန်းကျင်အတွက်နဲ့ မြန်မာနိုင်ငံထဲမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေအတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၁၈၅ သန်း ထပ်မံ ကူညီပေးသွားမယ့်အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က အောက်တိုဘာလအတွင်း ကြေညာခဲ့တာကြောင့် အမေရိကန်က ရိုဟင်ဂျာ အရေးအတွက်ပေးတဲ့ အကူအညီ စုစုပေါင်း ဒေါ်လာ ၃၈၉ သန်း ရှိသွားပြီ ဖြစ်ပါတယ်။
အမေရိကန်က ထပ်ပေးမယ့် အကူအညီတွေထဲက ဒေါ်လာ ၁၅၆ သန်းကိုတော့ ဒုက္ခသည်တွေကို အကာကွယ်ပေးရေး၊ အရေးပေါ် ခိုလှုံရေးဌာန၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ မိလ္လာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် တွေကို ကူညီပေးရေး စတဲ့ ရိုဟင်ဂျာတွေနဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် အရေးပေါ် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ သုံးစွဲဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မနှစ် သြဂုတ်လက ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေနဲ့ မူလက ပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ ပေါင်းလိုက်ရင် ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရောက်တဲ့ ဒုက္ခသည်အရေအတွက်ဟာ ၁ သန်းကျော်သွားပြီလို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောပါတယ်။
တဘက်နိုင်ငံကို ထွက်ပြေးသွားကြသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို မြန်မာအစိုးရက အသိအမှတ်ပြု လက်မခံပါဘူး။ ဒါပေမယ့် ဒုက္ခသည်တွေ ပြန်လက်ခံရေးအတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂတို့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပြီး သူတို့ကို ပြန်လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီလို့ မြန်မာအစိုးရက ပြောနေပေမယ့် မြန်မာနိုင်ငံအတွင်းက အခြေအနေတွေဟာ ဒုက္ခသည်တွေ ဘေးကင်း လုံခြုံစွာ ပြန်လာလို့ ရနိုင်တဲ့ အနေအထား မရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောဆိုတာကြောင့် ကနေ့အထိ ပြန်ပို့တဲ့လုပ်ငန်းကို မစနိုင်သေးပါဘူး။ ဒုက္ခသည်တွေ ပြန်ပို့တဲ့ အစီအစဉ်ကိုတော့ အခုလ ကုန်ပိုင်းမှာ စတင်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က ပြောဆိုထားပါတယ်။ ဒါ့အပြင် လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဘက်ကို ပြန်လိုတဲ့ဆန္ဒမရှိကြောင်း ဒုက္ခသည်တွေဘက်ကလည်း အခုနောက်ပိုင်းမှာ ပြောဆိုမှုတွေ ရှိပါတယ်။
Your browser doesn’t support HTML5