Fidel Castro ရဲ့ နောက်ဆုံးခရီး

ကျူးဘားသမ္မတက Fidel Castro ရဲ့ နောက်ဆုံး ခရီး ကိုပို့ဆောင်

ကျူးဘားခေါင်းဆောင် Fidel Castro ကွယ်လွန်ခြင်းအထိမ်းအမှတ်အဖြစ် ကျွန်းနိုင်ငံတဝှမ်း ၉ ရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားရှိခဲ့ပြီးနောက် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ Fidel Castro ရဲ့ ရုပ်ကြွင်းကို နိုင်ငံရဲ့ အရှေ့ပိုင်းမှာ မြေမြုပ် သဂြိုလ်လိုက်ပါတယ်။

ဆန်ဒီရေဂို ဒီ ကူးဘားမြို့က Ifigenia သင်္ချိုင်းမှာ ကျင်းပတဲ့ ဈာပန အခမ်းနားကို နောက်ဆုံး အချိန်ရောက်မှ သီးသန့် အခမ်းအနား အဖြစ် ပြုလုပ်ခဲ့ပြီး သူ့ဈာပန ကို သတင်းရယူဖို့ ရောက်ရှိနေကြတဲ့ ကမ္ဘာတလွှားက သတင်းထောက်တွေကို ဝင်ရောက်ခွင့် မပေးခဲ့ပါဘူး။

ချီးမွမ်းမှုတွေရော ၊ ဝေဖန်မှုတွေရော ရရှိခဲ့တဲ့ အသက် ၉၀ အရွယ် ကျူးဘားခေါင်းဆောင် Fidel Castro ဟာ နာတာရှည် မကျန်းမမာ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

၁၉၅၃ ခုနှစ်က ကျူးဘား တော်လှန်ရေးကို စတင်ခဲ့ရာ ဆန်တီရေဂို ဒီ ကူးဘားမြို့ကို Castro ရဲ့ အရိုးပြာ စနေနေ့ နေ့လည်ပိုင်းမှာ ရောက်ရှိခဲ့တာပါ။ သူ့ရဲ့ အရိုးပြာကိုတော့ ၁၉၅၉ ခုနှစ် ကျူးဘားမြို့တော် ဟာဗားနားကို တက်သိမ်းဖို့ အတွက် ရဲဘော်ရဲဘက် သူပုန် တော်လှန်ရေး သမားတွေနဲ့ Sierra Maestra တောင်တန်းတွေကနေ ချီတက်လာရာ လမ်းကြောင်းရဲ့ ပြောင်းပြန် အတိုင်း ပြန်ပြီး သယ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

Fidel Castro ရဲ့ အရိုးပြာကို သစ်သား သေတ္တာနဲ့ထည့်ပြီး ကျူးဘား အလံအုပ်ထားပြီး စစ်တပ်သုံး ဂျစ်ကားနဲ့ ဟာဗားနား မြို့တော်ကနေ သယ်ဆောင်လာရာ တလျှောက်မှာတော့ ဝမ်းနည်း ကြေကွဲနေတဲ့ ကျူးဘား ပြည်သူ သိန်းနဲ့ချီပြီး လမ်းဘေး ဝဲယာကနေ နောက်ဆုံး နှတ်ဆက်ခဲ့ကြပါတယ်။

စနေနေ့ညက ကွယ်လွန်သူ Fidel Castro ကို အောက်မေ့သတိရ အခမ်းအနား လူထု စုဝေးပွဲမှာတော့ သူ့ရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ ဗင်နီဇွဲလား သမ္မတ Nicolas Maduro ၊ နောက် ဘောလုံးသမား အကျော်အမော် Diego Maradona တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

Fidel Castro ရဲ့ နောက်ဆုံးခရီး