အငြင်းပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖျက်မှု

ရခိုင်ဒေသ လူ့အခွင့်အရေးချိုးဖောက်မှု ကုလသမဂ္ဂထုတ်ပြန်

Your browser doesn’t support HTML5

အငြင်းပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖျက်မှု


ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အစိုးရတက်လာပေမယ့် လူ့အခွင့်အရေး အခြေအနေဟာ ကောင်းမွန်လာတာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ က သုံးသပ်ပါတယ်။ အရင်အစိုးရဟောင်းတွေ ထားခဲ့တဲ့ အမွေဆိုကို ဆက်ခံရရှိတဲ့ NLD အစိုးရဟာ မနိုင်တဲ့ဝန်ကို ထမ်းနေရသလို ဖြစ်နေပါတယ်။ လူ့အခွင့်အရေး အများဆုံးချိုးဖျက်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေအပေါ် NLD အစိုးရ သြဇာမညောင်းတာကို ထောက်ပြကြပါတယ်။ ၂၀၁၆ မှာ လူ့အခွင့်အရေး ချိုးဖျက်မှု သိသိသာသာ များလာတယ်လို့ ပြည်တွင်းအရပ်သားအဖွဲ့ (၁၃) ဖွဲ့ ပါဝင်တဲ့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်ကလည်း ဖေဖေါ်ဝါရီလ (၈) ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အောက်တိုဘာလ (၃၁) ရက်နေ့ထုတ် အစီရင်ခံစာကိုတော့ သမ္မတရုံးက ငြင်းဆိုထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ် အငြင်းပွားနေရတာက ကုလသမဂ-- လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ ဖေဖေါ်ဝါရီလ (၃) ရက်နေ့ထုတ် (၄၃) မျက်နှာ Flash Report “ရုတ်ချင်းအစီရင်ခံစာ” ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်းဆက်ပြီး တုံ့ပြန်သလို နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သတင်းထုတ်ပြန်ပြီး ရှင်းလင်းတာမျိုးလည်း လုပ်ပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီမှာ ဒေါ်စု ဥက္ကဋ္ဌဖြစ်ပြီး (၄) လကျော်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို မွတ်စလင်လက်နက်ကိုင်တစုက ဝင်တိုက်လို့ ဝန်ထမ်းအချို့ သေဆုံးပါတယ်။ ဗမာအစိုးရဘက်က တုံ့ပြန်တဲ့အခါမှာ ဘင်္ဂလီရိုဟင်ဂျာ အများအပြား ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ရောက်ခိုလှုံကြပါတယ်။ ၂၀၁၆ အောက်တိုဘာလ (၉) ရက်ကစပြီး ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်လာသူ နှစ်ရာကျော်ကို ကုလသမဂ္ဂ ဒုက္ခသည်ရုံးက အဖွဲ့ဝင် (၄) ဦးက ၂၀၁၇ ဇန်နဝါရီလမှာ တွေ့ဆုံမေးမြန်းပြီး ဖေဖေါ်ဝါရီလ (၃) ရက်မှာ အစီရင်ခံစာ ထုတ်ပါတယ်။ ဝင်ရောက်ခိုလှုံသူ (၆၆,၀၀၀) ရှိမယ်လို့ ခန့်မှန်းတဲ့အထဲက နှစ်ရာကျော်ကို ရွေးချယ်ပြီး မေးမြန်းပါတယ်။ ဂြိုလ်တုက ရိုက်တဲ့ဓါတ်ပုံ၊ Amnesty လူ့အခွင့်အရေးအဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နဲ့ အခြားကုလ အစီရင်ခံစာကို ကိုးကားတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်ဖျက်ဆီးမှုနဲ့ အခြားအကြမ်းဖက်မှုတွေကို တွေ့ဆုံမေးမြန်းသူ နှစ်ရာကျော်က သက်သေထွက်ဆိုတာ ဖြစ်ပါတယ်။ မွတ်စလင်လက်နက်ကိုင်တစုရဲ့ တိုက်ခိုက်မှုကြောင့် အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် (၁၀) ဦး သေဆုံးတာကို အကြောင်းပြပြီး အစိုးရတပ်က နယ်မြေရှင်းလင်းရေး လုပ်ပါတယ်။ ဒီကိစ္စကို ကုလလူ့အခွင့်အရေးရုံးက ဝေဖန်တဲ့အခါ ဒုသမ္မတဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင်ကို ဒီဇင်ဘာလ (၁) ရက်နေ့မှာ ဖွဲ့စည်းပြီး ရက်ပေါင်း (၆၀) အတွင်း အစီရင်ခံစာ ထုတ်ပြန်ဖို့ တာဝန်ပေးထားပေမယ့် ဝတ္တရားပျက်သွားပါတယ်။ ဒီအတောအတွင်း ကုလသမဂ္ဂ ဒုက္ခသည်ရုံးက အမှုထမ်း (၄) ဦးဟာ ဇန်နဝါရီလ (၈) ရက်ကနေ (၂၃) ရက်အထိ (၁၆) ရက် ကွင်းဆင်းလေ့လာပြီး ဆယ်ရက်အတွင်းမှာ ရုတ်ချင်းအစီရင်ခံစာကို ထုတ်ပြန်နိုင်ပါတယ်။

မြန်မာအစိုးရ စုံစမ်းရေးကော်မရှင် ရက် (၆၀) အတွင်း မလုပ်နိုင်လို့ သက်တမ်းထပ်တိုးပေးရတဲ့ကိစ္စကို ကုလသမဂ္ဂအဖွဲ့က (၂၆) ရက်အတွင်း စုံစမ်းလေ့လာပြီး ရုတ်ချင်းအစီရင်ခံစာ ထုတ်ပြန်တာကို အစိုးရစုံစမ်းရေးကော်မရှင် က စစ်ဆေးနေတယ်လို့ ဖေဖေါ်ဝါရီလ (၈) ရက်နေ့ထုတ် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်က ဖော်ပြပါတယ်။ စွပ်စွဲတဲ့အတိုင်း ပြစ်မှုကျူးလွန်တဲ့ အထောက်အထား အခိုင်အမာရှိတယ်ဆိုရင် အရေးယူမယ်လို့ ဖော်ပြပါတယ်။ စွပ်စွဲတဲ့အတိုင်း ပြစ်မှုကျူးလွန်တဲ့ အထောက်အထား အခိုင်အမာရှိတယ်ဆိုရင် အရေးယူမယ်လို့ ဖော်ပြပါတယ်။ ဘင်္ဂလီရိုဟင်ဂျာ နှစ်ရာကျော်ရဲ့ သက်သေထွက်ချက် အသေးစိတ်ကို ဖော်ပြတဲ့ ကုလသမဂ္ဂ ရုတ်ချင်းအစီရင်ခံစာကို NLD အစိုးရ လက်မခံနိုင်ဘူးဆိုတာကို သွယ်ဝိုက်တဲ့နည်းနဲ့ အကြောင်းပြန်လိုက်တာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ (၅) ရက်နေ့က ဒါကာမြို့မှာ ကျင်းပတဲ့ အစည်းအဝေးမှာလည်း မြန်မာကိုယ်စားလှယ်က လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဘင်္ဂလီရိုဟင်ဂျာကိစ္စမှာ ဝါဒဖြန့်လုပ်ကြံတဲ့ သတင်းနဲ့ သတင်းမှားတွေရဲ့ဒဏ်ကို ဗမာအစိုးရ ခံနေရတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ရိုဟင်ဂျာကိစ္စကို နိုင်ငံခြားစာနယ်ဇင်းအချို့က ထင်သလို လုပ်ကြံပုံကြီးချဲ့တာရှိသလို ပြည်ပရောက် ရိုဟင်ဂျာကလည်း တဖက်သတ် ထိုးနှက်တိုက်ခိုက် ရေးသားတာတွေ ရှိပါတယ်။ ဒါပေမဲ့ အစိုးရဟာ ကိုယ်လုပ်စရာ ရှိတာတွေကို သိက္ခာရှိရှိ လုပ်ကိုင်ပြီး အချိန်မီ အစီရင်ခံစာ ထုတ်နိုင်ရင် ဝါဒဖြန့်တာကို ဂရုစိုက်စရာ မလိုပါဘူး။ ဒီလိုမလုပ်ဘဲနဲ့ သူများရေးတဲ့ အစီရင်ခံစာကို အမြဲတမ်း ငြင်းဆိုနေရတဲ့ အဆင့်ကမတက်နိုင်ရင် ကြာလေယုံရခက်လေ ဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ် ယန်ဟီးလီ က ဇန်နဝါရီလ (၂၀) ရက်နေ့က မှတ်ချက်ချပါတယ်။

ဒုသမ္မတမြင့်ဆွေ ခေါင်းဆောင်တဲ့ စုံစမ်းရေးမစ်ရှင်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စုံစမ်းမှုတွေဟာ ထွက်ပြီးသားအစီရင်ခံစာကို တုံ့ပြန်ဖို့သာ ရည်ရွယ်တာမို့ အပြည်ပြည်ဆိုင်ရာက ယုံကြည်ပါ့မလားဆိုတာ သံသယရှိစရာ ဖြစ်နေပါတယ်။ သီးခြားလွတ်လပ်ပြီး သိက္ခာရှိတဲ့ ကော်မရှင်ကသာ ဓမ္မဓိဌာန်ကျကျ စုံစမ်းစစ်ဆေးနိုင်လိမ့်မယ်လို့ ယူဆကြပါတယ်။ ဘင်္ဂါလီရိုဟင်ဂျာ ပြဿနာဟာ ပြေလည်နိုင်ဖို့နေနေသာသာ အစီရင်ခံစာရေးတဲ့ကိစ္စမှာတောင် အကြီးအကျယ် အငြင်းပွားနေရပါတယ်။