နှုတ်ထွက်စာ တရားဝင် အမြန်တင်သွင်းဖို့ ဗြိတိန်ကို EU ဖိအားပေး

ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ EU ကော်မရှင်ဥက္ကဋ္ဌ Jean Claude Juncke

EU ဥရောပသမဂ္ဂအဖွဲ့ထဲကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်ဖို့ မဲပေးခဲ့ကြပြီးတဲ့နောက် ပထမဆုံးအကြိမ်အနေနဲ့ ဗြိတိန်ဝန်ကြီးချုပ် David Cameron ဟာ အခုအခါ သူ့ကို ကြည်ဖြူမှုမရှိတော့တဲ့ ဥရောပသမဂ္ဂရုံးချုပ်ကို ဒီကနေ့သွားရောက်ခဲ့ပါတယ်။

သူဟာ ဒီနှုတ်ထွက်တဲ့လုပ်ငန်းစဉ်ကို ဘယ်တော့စမလဲဆိုတဲ့ ခက်ခဲတဲ့မေးခွန်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီကနေ့ကျင်းပခဲ့တဲ့ EU လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ ပထမဦးဆုံး တရားဝင်ပြောကြားမှုအနေနဲ့ EU ကော်မရှင်ဥက္ကဋ္ဌ Jean Claude Juncker က ဒီနေ့ မနက်ဖြန်မဟုတ်ပေမဲ့လည်း မကြာခင်မှာ ဗြိတိန်နိုင်ငံအနေနဲ့ သူ့ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောကြားစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

David Cameron ကတော့ ဒီနှုတ်ထွက်မယ့် လုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန် စတင်မယ့်ပုံ မရှိပါဘူး။ သူ ရာထူးတာဝန်ကနေ နှုတ်ထွက်မှာဖြစ်တာကြောင့် Lisbon သဘောတူညီစာချုပ်ပါ အပိုဒ်ခွဲ (၅၀) အတိုင်း UK က နှုတ်ထွက်မယ့်ကိစ္စကို သူ့နောက် တာဝန်ဆက်ခံမယ့်သူက ညှိနှိုင်းဆာင်ရွက်ရမှာ ဖြစ်တယ်လို့ မစ္စတာ Cameron က ပြောကြားသွားပါတယ်။

ဝန်ကြီးချုပ် Cameron ရဲ့ကွန်ဆာဗေးတစ်ပါတီကတော့ သူတို့ရဲ့ခေါင်းဆောင်သစ်ကို ကြာသပတေးနေ့မှာ စပြီး အဆိုပြုမှာဖြစ်ပြီးတော့ စက်တင်ဘာ (၂) ရက်နေ့မှာ အတည်ပြုကြေညာနိုင်လိုက်မယ်လို့ ခန့်မှန်းရပါတယ်။

ဗြိတိန်နိုင်ငံ EU ကနေ နှုတ်ထွက်တဲ့ကိစ္စကြောင့် ဒီကနေ့ အင်္ဂါနေ့မှာလည်း အစုရှယ်ယာဈေးကွက်တွေ ကမောက်ကမ ထပ်ဖြစ်ခဲ့ရပြီး ဗြိတိန်နိုင်ငံအနေနဲ့ ဒီလုပ်ငန်းစဉ်မှာ အချိန်ကြာနေလေ စီးပွားရေးအရ နစ်နာမှုတွေ ပိုများလေ ဆိုပြီး ပြင်သစ်နဲ့ တခြား EU နိုင်ငံတွေ စိုးရိမ်နေကြပါတယ်။