သုံးရလွယ်ကူစေသည့် Link များ

EU က ဗြိတိန် နှုတ်ထွက်မှု ဥရောပရောက် မြန်မာတချို့အမြင်


လန်ဒန်မြို့တော်က ခွဲထွက်ရေးထောက်ခံသူတွေ။ (ဇွန် ၂၄၊ ၂၀၁၆)

EU ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်ကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်တော့မယ့် ကိစ္စအပေါ် ဥရောပရောက် မြန်မာတွေကြားမှာလည်း သဘောထားအမြင်တွေ အမျိုးမျိုး ရှိနေကြပါတယ်။ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ EU အဖွဲ့ဝင်အဖြစ်ကနေ ဗြိတိန် ခွဲထွက် သင့် - မသင့် ပြည်လုံးကျွတ်လူထုဆန္ဒခံရယူပွဲမှာ ခွဲထွက်သင့်တဲ့ဘက်က အနိုင်ရရှိခဲ့တာပါ။ အခုလို ဗြိတိန်နိုင်ငံအနေနဲ့ EU အဖွဲ့ဝင်အဖြစ်က ခွဲထွက်သွားခဲ့ရင် မြန်မာနိုင်ငံအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်မလဲ - မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

အဖွဲ့ဝင် ၂၈ နိုင်ငံရှိတဲ့ EU ထဲကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ရေး - မထွက်ရေး ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က လူထုဆန္ဒခံယူပွဲကျင်းပခဲ့တာ ဖြစ်ပြီး - မဲရလဒ်တွေအရ ခွဲထွက်ရေးထောက်ခံသူတွေဘက်က ၄ ရာခိုင်နှုန်းအသာနဲ့ အနိုင်ရသွားခဲ့ပါတယ်။ မဲရလဒ်တွေကြေညာအပြီးမှာပဲ ခွဲထွက်ရေး မဲပေးခဲ့ကြသူတွေ အောင်ပွဲ ခံခဲ့ကြသလို၊ နိုင်ငံတကာခေါင်းဆောင်တွေရဲ့ တုံ့ပြန်မှုတွေနဲ့ ကမ္ဘာ့ အစုရှယ်ယာဈေးကွက်နဲ့ ငွေကြေးဈေးကွက် တွေမှာလည်း အများကြီးကို ရိုက်ခတ်မှုတွေ ရှိခဲ့တာပါ။

အခုလို တကမ္ဘာလုံးအပေါ် အနည်းနဲ့အများ ရိုက်ခတ်မှုရှိစေတဲ့ ဗြိတိန်ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဥရောပရောက် မြန်မာတွေကြားမှာလည်း အမြင်သဘောထားတွေ အမျိုးမျိုးရှိခဲ့ကြပါတယ်။

ဗြိတိန်ရောက် မြန်မာနွယ်ဖွားတဦးဖြစ်တဲ့ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်ခင်ကတော့ ခွဲထွက်ရေးဘက်ကို ကိုယ်တိုင် ထောက်ခံမဲ ပေးခဲ့သူပါ။

“လင်မယားကွဲသလိုပေါ့ဗျာ နှစ်ပေါင်း ၄၀ လောက် ပေါင်းသင်းလာတဲ့ အဖွဲ့အစည်းတခုကနေ ထွက်တယ်ဆိုတော့ ထွက်ခါစမှာတော့ အခက်အခဲလေး တွေ ရှိတာပေါ့။ ဒါပေမဲ့လည်း ဒီဟာတွေက မဖြေရှင်းနိုင်တဲ့ အခက်အခဲတွေ မဟုတ်ဘူး။ ကသိကအောက်ရှိမယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာလေး တွေ ရှိမယ်။ ဒါတွေက ရေတိုပြဿနာပေါ့။ ဒါပေမဲ့ ရေရှည်ကျတော့ ကောင်းသွားလိမ့်မယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ထွက်တာကောင်းတယ်လို့ ယူဆပြီး ထွက်တဲ့ဘက်က မဲပေးကြတာပေါ့။ ထွက်တဲ့အတွက် ကိုယ့်ဟာနဲ့ကိုယ် ဆုံးဖြတ်ချက် ချနိုင်တယ်။ အရင်တုန်းကတော့ EU ရဲ့ ဆုံးဖြတ်ချက် တွေကို လိုက်လုပ်နေရတာမျိုး များတာပေါ့။ အခု လောလောဆယ်ကတော့ ကျနော့်အမြင်တော့ ဆွစ်ဇာလန်နိုင်ငံဟာ ဥရောပနိုင်ငံတွေ ပတ်လည်ဝိုင်း နေတဲ့ ဆွစ်ဇာလန်နိုင်ငံ ဒီနိုင်ငံက ၂ ကြိမ်တိတိ EU ထဲမှာ မပါဘူးဆိုပြီးတော့ ပြည်သူ့ဆန္ဒမဲပေးတယ်။ မပါပေမဲ့လည်း ဥရောပနိုင်ငံတွေနဲ့ ဘေးနိုင်ငံတွေနဲ့ပေါ့လေ တနိုင်ငံချင်းပေါ့ဗျာ နှစ်နိုင်ငံ သဘောတူညီချက်တွေ လုပ်ပြီးတော့ ကုန်သွယ်ရေး ဘာညာလုပ်ရင် အကုန်ရတာပဲ။ ဒါကြောင့် မို့လို့ ဆွစ်ဇာလန်နိုင်ငံဟာ ဥရောပထဲမှာရော စီးပွားရေးအားဖြင့် တော်တော်ကြီးကို တောင့်တင်းတဲ့နိုင်ငံဖြစ်နေတယ်။”

ဂျာမနီနိုင်ငံမှာ နေထိုင်တဲ့ ဥရောပရောက် မြန်မာများဖိုရမ်ကို တည်ထောင်သူ ဦးနွယ်အောင် ကတော့ - ဗြိတိန်ရဲ့ခွဲထွက်မှုကို မလိုလားပေမဲ့ ဗြိတိန်ပြည်သူတွေရဲ့ ဆန္ဒကို တန်ဖိုးထားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော် အင်မတန်ဝမ်းနည်းတယ်။ UK လို နိုင်ငံကြီး တနိုင်ငံအနေနဲ့ EU ထဲကနေပြီးတော့ ထွက်သွားတယ်ဆိုတာကတော့ ဒီဥစ္စာက ၀မ်းနည်းစရာ ကောင်းတယ်။ မဖြစ်သင့်ဘူး။ ဒါပေမဲ့လည်းပဲ ဒါက UK မှာ နေနေတဲ့ သူတို့ လူမျိုးတွေရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်တယ်ဆိုတော့ ဒါကိုလည်းပဲ ကျနော်တို့ လေးစားရမှာပါ။ အခုဆိုရင် ချက်ခြင်းပဲ သိသာပြီ။ အင်္ဂလိပ်ရဲ့စီးပွားရေး ဥပမာ သူတို့ရဲ့ စတာလင်ပေါင်ဟာ ဗြုန်းကနဲဆို တခါတည်း ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းအထိတောင် ကျသွားတယ်ဆိုတော့ သူတို့ရှေ့ရေးမှာ စီးပွားရေးအရ တော်တော်ပြဿနာရှိမယ်ဆိုတာ ကြိုပြီးတော့ မြင်ကြည့်လို့ရပါတယ်။”

ဒါ့အပြင် ဗြိတိန်ရဲ့ EU အဖွဲ့ဝင်အဖြစ် နှုတ်ထွက်မှုကြောင့် မြန်မာနိုင်ငံအပေါ် ဘယ်လိုရိုက်ခတ်မှုတွေ ရှိနိုင်မလဲ - မြန်မာနိုင်ငံမှာ အရင်အစိုးရတွေ လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် EU က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတာပါ။ ဒီအရေးယူမှုတွေကို နှစ်စဉ် ပထမ ၆ လပတ်အတွင်း ပြန်လည်သုံးသပ်လေ့ရှိပါတယ်။ ဒီလို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို EU က ချမှတ်ရတဲ့အခါမျိုးမှာ EU အဖွဲ့ဝင်အတွင်း ဗြိတိန်နိုင်ငံ ရှိမနေခြင်းက မြန်မာ့အရေးမှာ သိသိသာသာ အားလျော့သွားလိမ့်မယ်ဆိုပြီး မယူဆဘူးလို့ ဦးအောင်ခင်က ပြောပါတယ်။

“EU က လူတွေက ဗမာပြည်စစ်အစိုးရနဲ့ ဆက်ဆံပြီးလုပ်တာ ပြင်သစ်တို့၊ ဂျာမနီတို့ လုပ်တာပေါ့လေ အင်္ဂလိပ်က အဆက်အဆံနည်းတယ်။ အခု EU က ထွက်တယ်ဆိုပေမဲ့လည်း လဇ်ဘွန်းစာချုပ်အရဆိုရင် ထွက်တဲ့ကိစ္စကို အစီအစဉ်လုပ်ဖို့က နှစ်နှစ်ကြာတယ်။ အဲတော့ ဒီနှစ်နှစ်အတွင်းမှာ ဗြိတိန်က EU အဖွဲ့ဝင်အဖြစ် ရှိနေဦးမှာပဲ။ ဒီနှစ်နှစ်အတွင်းမှာ ထွက်တဲ့ကိစ္စတွေ အားလုံးပြီးသွားတော့ ဒီကြားထဲမှာ အချိန်အများကြီးရပါတယ်။ ဗမာနဲ့ပတ်သက် လို့လည်း သူတို့ ညှိနိုင်တာပေါ့လေ။ သိပ်တော့ ပြောင်းလဲမယ်လို့ မထင်ပါဘူး။ ဗမာပြည်နဲ့ ပတ်သက်လို့ကတော့ ဗြိတိန်နိုင်ငံရဲ့ လေဘာပါတီရော၊ ကွန်ဆာဗေးတစ်ပါတီရောရဲ့ သဘောထားတွေက သိပ်ပြီးတော့ ကွာလှတာမဟုတ်တော့ ဗမာပြည်နဲ့ ပတ်သက်တဲ့ သဘောထားကတော့ သူတို့ ပြောင်းလဲမယ် မထင်ပါဘူး။”

အလားတူ ဦးနွယ်အောင်ကလည်း - ဗြိတိန်နိုင်ငံအနေနဲ့ EU အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ခြင်း - မထွက်ခြင်း က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ EU ရဲ့ မူဝါဒတွေမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ မရှိနိုင်ဘူးလို့ သုံးသပ်ခဲ့တာပါ။ ၁၉၇၃ ခုနှစ်ကစပြီး EU အဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ ဗြိတိန်နိုင်ငံအနေနဲ့ EU အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ထွက်လာခဲ့ပြီးနောက် ကမ္ဘာတ၀ှမ်း အစုရှယ်ယာဈေးတွေနဲ့ ငွေကြေးလဲလှယ်မှုတွေ ကျဆင်းကုန်ပါတယ်။ သောကြာနေ့က ဥရောပအစုရှယ်ယာဈေးကွက် ဖွင့်ချိန်မှာ သိသိသာသာ ဈေးကျခဲ့သလို၊ အမေရိကန်နဲ့ အာရှတလွှားမှာလည်း အစုရှယ်ယာတွေ ကျဆင်းခဲ့ပြီး၊ ဂျပန်နိုင်ငံမှာဆိုရင် အရောင်းအ၀ယ်ကို ၁၀ မိနစ်လောက်အထိ ရပ်ပစ်ခဲ့ရတာ ဖြစ်ပါတယ်။ ဗြိတိန်ငွေ စတာလင်ပေါင် ဈေးလည်း ၃၁ နှစ် အတွင်း အနိမ့်ဆုံးအထိ ကျဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုစီးပွားရေးအကျိုးသက်ရောက်မှုအပြင် - ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ကလည်း ၃ လအတွင်း သူ နှုတ်ထွက်မယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။

XS
SM
MD
LG