သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ကထွက်ဖို့ UK ဆုံးဖြတ် ဝန်ကြီးချုပ်နှုတ်ထွက်


ဝန်ကြီးချုပ် David Cameron နှုတ်ထွက်။

ဥရောပသမဂ္ဂ EU ထဲကနေထွက်ဖို့ UK မဲဆန္ဒရှင်တွေ ဆုံးဖြတ်လိုက်ကြပါပြီ။ လူဝင်မှုကြီးကြပ်ရေးနဲ့ အချုပ်အခြာ အာဏာပိုင်မှု လို ကိစ္စရပ်တွေမှာ တဘက်နဲ့ တဘက် အပြင်းအထန် အခြေအတင်ဖြစ်ခဲ့ကြပြီး ကြာသပတေးနေ့ကလုပ်တဲ့ လူထုဆန္ဒခံယူပွဲမှာ ထွက်မယ့်ဘက်က အနိုင်ရသွားတာပါ။ ရလဒ်ထွက်လာပြီး သိပ်မကြာခင်မှာပဲ ဝန်ကြီးချုပ် David Cameroon က သူနှုတ်ထွက် မယ့်အကြောင်း ကြေညာပါတယ်။

“မတူကွဲပြားတဲ့ လမ်းကြောင်းတခုကိုသွားဖို့ ဗြိတိသျှလူထုက သိပ်ကို ရှင်းရှင်းလင်းလင်း ဆုံးဖြတ်လိုက် ကြပါပြီ။ ဒါကြောင့် ဒီလမ်းကြောင်းအတိုင်း တိုင်းပြည် ဆက်သွားတဲ့နေရာမှာ နိုင်ငံအနေနဲ့ ခေါင်းဆောင်မှုအသစ် လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်။” ဆိုပြီး အမှတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးအပြင်ဘက်မှာ သတင်းထောက်တွေကို မစ္စတာ Cameroon က ဒီကနေ့ပြောပါတယ်။ ဝန်ကြီးချုပ် အပြောင်းအလဲကို အောက်တိုဘာလမှာ လုပ်မယ်လို့လည်း သူကပြောပါတယ်။

EU ထဲကနေထွက်မယ့်ရလဒ် ထွက်လာတာဟာ မစ္စတာ Cameroon အနေနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို လက်လွှတ်လိုက်ရတဲ့ အဓိပ္ပါယ် သက်ရောက်တယ် လို့ လေ့လာသူတွေကပြောပါတယ်။ EU ထဲကနေထွက်ရေး မဲဆွယ်စည်းရုံးပွဲကို ဦးဆောင်ခဲ့သူ လန်ဒန်မြို့တော်ဝန်ဟောင်း Boris Johnson ဟာ မစ္စတာ Cameroon နဲ့အတူတူ ကွန်ဆာဗေးတစ်ပါတီကပဲဖြစ်ပြီး ဝန်ကြီးချုပ် နေရာကို ဆက်ခံမယ့်သူ အဖြစ် အများက ယူဆထားကြပါတယ်။ တနိုင်ငံလုံး ကနေ နောက်ဆုံးချိန် ထိ ထွက် ထားတဲ့ မဲရလဒ်တွေအရ ထွက်ရေးဘက်က ၅၁.၈၉% ရထားပြီး မထွက်ရေးဘက်က ၄၈.၁၁% ရပါတယ်။

ဥရောပကောင်စီဥက္ကဌ Donald Tusk
ဥရောပကောင်စီဥက္ကဌ Donald Tusk

EU အဖွဲ့ထဲကနေ UK နိုင်ငံ ထွက်မယ်ဆိုတဲ့ လူထုဆန္ဒခံယူပွဲရလဒ် ထွက်လာပြီးတဲ့နောက် ကမ္ဘာတဝန်းနိုင်ငံအများအပြားက တုန့်ပြန် ပြောဆိုတာတွေ ထွက်လာပါတယ်။ တခုတည်းသော ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်တဲ့ EU ထဲကနေ UK နိုင်ငံ ထွက်တော့မယ် ဆိုတာဟာ မှားယွင်းတဲ့လုပ်ရပ်တခု ဖြစ်တယ်လို့ ဥရောပကောင်စီ ဥက္ကဌ Donald Tusk ကပြောပါတယ်။

EU အဖွဲ့ထဲကနေ UK နိုင်ငံ ထွက်မယ်ဆိုတဲ့ လူထုဆန္ဒခံယူပွဲရလဒ် ထွက်လာပြီးတဲ့နောက် ဒါဟာ အကြီးအကျယ် မှားယွင်းမှုတခု ဖြစ်တယ်လို့ ဥရောပခေါင်းဆောင်တချို့က ပြောကြပါတယ်။ ဗြိတိသျှလူထုရဲ့ ဆုံးဖြတ်ချက် ကို ဝမ်းနည်းစွာနဲ့ပဲ သိရှိရပါကြောင်းနဲ့ ဒါဟာ ဥရောပတိုက်နဲ့ ဥရောပပေါင်းစည်းရေး လုပ်ငန်းစဉ် အတွက် နစ်နာမှုတခုဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူးလို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်ကပြောပါတယ်။

ဥရောပအတွက်တော့ ဆိုးရွားတဲ့နေ့ တနေ့ပါပဲလို့ ဂျာမန် ဒုတိယဝန်ကြီးချုပ် Sigmar Gabriel က သူ့ရဲ့ Twitter မှာရေးပါတယ်။ United Kingdom အတွက် ဝမ်းနည်းမိပါတယ် ဆိုပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ကလည်း သူ့ရဲ့ Twitter မှာရေးပါတယ်။ UK နိုင်ငံအနေနဲ့ မြောက်အတ္တလန် တိတ်စာချုပ် NATO အဖွဲ့ရဲ့ ခိုင်မာတဲ့မဟာမိတ်အဖြစ် ဆက်ရှိနေပြီးတော့ ခေါင်းဆောင်မှုကဏ္ဍမှာ ဆက်ပါနေမယ်ဆိုတာ သူသိ ပါတယ်လို့ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကပြောပါတယ်။

NATO အတွင်းရေးမှူးချုပ် Jens Stoltenberg
NATO အတွင်းရေးမှူးချုပ် Jens Stoltenberg

UK နိုင်ငံနဲ့ ဥရောပအတွက် အခုဆုံးဖြတ်ချက်ကြောင့် အထူးပဲဝမ်းနည်းရပါတယ် လို့ ပြင်သစ်သမ္မတ Francois Hollande က ပြောပေမဲ့ ဒါဟာ သူတို့ရဲ့ ရွေးချယ်မှု ပဲဖြစ်ပြီး ကျနော်တို့ လေးစားရပါမယ်လို့ ပြောပါတယ်။

ယူကေနိုင်ငံသားတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားတဲ့အကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ မဟာဗျူဟာအမြင်၊ ရေရှည်ရှုထောင့်တွေ ကနေ EU- UK တို့နဲ့ ဆက်ဆံရေးကို အမြဲတမ်း တည်ဆောက်သွားမှာဖြစ်ကြောင်း ဒီကနေ့လုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲ အတွင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hua Chunying ကပြောသွားပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hua Chunying
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hua Chunying

တရုတ်နိုင်ငံအနေနဲ့ EU နဲ့ EU ပေါင်းစည်း ရေးလုပ်ငန်းစဉ်အပေါ် ရှင်းလင်းတဲ့ ရပ်တည်ချက် ရှိကြောင်း၊ ဒီလုပ်ငန်းစဉ်ကို တရုတ်က ထောက်ခံကြောင်း၊ နိုင်ငံတကာ မျက်နှာ စာမှာ EU အနေနဲ့ အပြုသဘောဆောင်ပြီး တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်တာကို တရုတ်နိုင်ငံကမြင်တွေ့ချင်ကြောင်းလည်း Hua Chunying ကပြောပါတယ်။

ဂျပန်ဈေးကွက်
ဂျပန်ဈေးကွက်

EU ထဲကနေထွက်မယ့် UK နိုင်ငံရဲ့ သမိုင်းဝင်ဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက် ကမ္ဘာတဝန်း အစုရှယ်ယာဈေးတွေနဲ့ ငွေဈေးတွေ ကျကုန်ပါတယ်။ ဒီကနေ့ ဥရောပ အစုရှယ်ယာဈေးကွက်အဖွင့်မှာ သိသိသာသာ ဈေးကျခဲ့ပြီး အမေရိကန်ရဲ့ အနာဂတ် ခန့်မှန်းခြေ အစုရှယ်ယာဈေးတွေလည်း ကျနေပါတယ်။

ဒီမဲရလဒ်ကြောင့် အထိအနာဆုံးကတော့ ဗြိတိသျှ ပေါင်စတာလင်ငွေပါပဲ။ အာရှဈေးကွက်မှာ ဒီကနေ့ နေ့လည်ပိုင်းက ပေါင်စတာ လင်ဈေးဟာ တပေါင်ကို အမေရိကန်ဒေါ်လာ ၁.၃၄ အထိ ကျသွားပါတယ်။ UK မှာ မဲပေးတာပြီး သွားချိန်လောက်က တပေါင်ကို ၁.၅၀ ဒေါ်လာရှိခဲ့ရာကနေ ၃၁ နှစ်အတွင်း အနိမ့်ဆုံးဈေးအထိ ကျသွားတာပါပဲ။

အာရှတိုက်တဝန်းက အစုရှယ်ယာဈေးတွေ လည်း ကျကုန်ပြီး ဒီကနေ့ အရောင်းအဝယ် လုပ်ချိန်အတွင်း အရှုံးပြနိုင်ခြေဟာ ဒေါ်လာ ၇၀၀ ဘီလီယံထက် မနည်း ရှိမယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းကြ ပါတယ်။ ဟောင်ကောင်ဈေးကွက်မှာ ၄% ကျော် ၊ တောင်ကိုရီးယားဈေးကွက် မှာ ၃% ကျော် အသီးသီး ဈေးကျပါတယ်။ ဂျပန်နိုင်ငံမှာ ဆိုရင် ဈေးကွက်အခြေအနေ သိပ်ကြီး မတည်မငြိမ်ရှိလွန်းတာမို့ အခြေအနေ တည်ငြိမ်အောင် ထိန်းပေးတဲ့ အလို အလျောက်စနစ်ကနေ အရောင်းအဝယ်ကို ၁၀ မိနစ်လောက် ရပ်ပစ်ခဲ့ရပါတယ်။

တိုကျို Nikkei အစုရှယ်ယာအညွှန်းကိန်းဟာ ၈% ကျော်ကျသွားပြီး ယန်းငွေဈေး ဟာလည်း အမေရိကန်ဒေါ်လာနဲ့လဲတာမှာ ၅% နီးပါးဈေးကျသွားပါတယ်။ Brexit လို့ခေါ်တဲ့ EU ကနေ UK နိုင်ငံ ထွက်မယ့်အခြေအနေကြောင့်ဖြစ်လာတဲ့ မရေရာမှုဟာ စီးပွားရေးပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုရှိလာနိုင်တယ်လို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ OECD, နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ဈေးကွက် ကျွမ်းကျင်တဲ့ စီးပွားရေး ပညာရှင်တွေက သတိပေးထားပါတယ်။

EU ကထွက်ဖို့ UK ဆုံးဖြတ် ဝန်ကြီးချုပ်နှုတ်ထွက်
please wait

No media source currently available

0:00 0:03:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG