ဒေါ်စုရဲ့ US ခရီး ကန်ပညာရှင်တို့အမြင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ။

ဝါရှင်တန်ဒီစီကို လာရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်ဟာ အောင်မြင်တဲ့ ခရီးစဉ်တခုလို့ - မြန်မာ့အရေး သုံးသပ်သူတွေ က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းပြည်မှာ သြဇာရှိဆဲ တပ်မတော်အကြား ဆက်ဆံရေး အဆင်ပြေဖို့အတွက် အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးက အရေးပါတယ်လို့ ဆိုခဲ့ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

စက်တင်ဘာလ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်ဟာ - မြန်မာ အစိုးရသစ်လက်ထက် နိုင်ငံခြားဆက်ဆံရေးမှာ ဘက်မလိုက်ရေးမူဝါဒကို ကျင့်သုံးတယ်ဆိုတာ အခိုင်အမာ ပြသဖို့ဖြစ်တယ်လို့ သုံးသပ်ကြသူတွေ လည်းရှိသလို၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး တရားဝင် တောင်းဆိုဖို့အတွက် လာရောက် ခြင်းဖြစ်တယ် လို့လည်း သုံးသပ်နေကြတာပါ။ ဒါပေမဲ့လည်း အမေရိကန်ခရီးစဉ်ဟာ အောင်မြင်တဲ့ ခရီးစဉ်တခုဆိုတာကိုတော့ သူတို့အားလုံးက လက်ခံ ကြပါတယ်။

ဝါရှင်တန်ဒီစီ - ဂျော့ရှ်တောင်းတက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg ကတော့ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ် အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ ဘယ်လိုရှိတယ်ဆိုတာကို အခိုင်အမာ ပြသဖို့ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ် အဓိက ရည်ရွယ်ချက်ကတော့ - မြန်မာနိုင်ငံအနေနဲ့ ဟန်ချက်ညီတဲ့ နိုင်ငံခြားရေးမူဝါဒမျိုး ကျင့်သုံးတယ် ဆိုတာကို ပြသဖို့ပဲလို့ ယူဆပါတယ်။ တရုတ်ပြည်ကိုလည်း သွားခဲ့တယ်။ ဥရောပကိုလည်း သွားခဲ့တယ်။ အမေရိကန်ကို လာတယ်။ ကုလသမဂ္ဂကိုလည်း သွားမယ်။ မကြာသေးခင်ကလည်း အာဆီယံပွဲ တက်ရောက်ခဲ့တယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားတိုင်းပြည် အစိုးရတွေ အားလုံးနဲ့ ဟန်ချက်ညီတဲ့ မူဝါဒမျိုး ထားရှိတယ်ဆိုတာကို ခိုင်မာကြောင်း ပြသ တာပါပဲ။ ဒါဟာ သိပ်ကို အရေးကြီးသလို၊ လုပ်ဆောင်သင့်တဲ့ အရာလည်း ဖြစ်ပါတယ်။”

ဂျော့ရှ်ဝါရှင်တန်တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ Christina Fink ကလည်း - အရင်ကနဲ့မတူတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ်ဟာ အောင်မြင်မှု ခရီးစဉ်တခု လို့ မှတ်ချက်ချပေမဲ့ - ဒဏ်ခတ်မှုတွေအားလုံး မရုပ်သိမ်းပေးတဲ့အပေါ်မှာတော့ အခုလို သုံးသပ်ခဲ့ပါ တယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စီးပွားရေးဒဏ်ခတ်မှု တော်တော်များများ ရုပ်သိမ်းတာကို မြင်ချင်တယ်လို့ ကျမနားလည်ပါတယ်။ ရုပ်လည်း ရုပ်သိမ်းလိုက်ပါပြီ။ ဒါ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရလက်အောက်မှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့အတွက် ဒဏ်ခတ်မှုတွေကို ချမှတ်ခဲ့တာပါ။ အခုက လူထုက ရွေးချယ် တင်မြှောက်တဲ့ နိုင်ငံရေးပါတီက အစိုးရရဲ့ နေရာအများစု ကို ထိန်းချုပ်ထားပါတယ်။ တခြားအကြောင်းတွေ ရှိပေမဲ့လည်း ဒဏ်ခတ်အရေးယူမှုတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဟန့်အတား ဖြစ်စေတဲ့ အကြောင်းရင်းတခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်တပ်က မြန်မာ့နိုင်ငံရေးမှာ အရေးပါနေဆဲပါ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်နက်တင်ပို့ရောင်းချမှုလို တချို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်ထားတာဟာ အဓိပါယ်ရှိပါတယ်။ စစ်တပ်ဟာ တိုင်းပြည်ကာကွယ်ရေးမှာ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဘူးပါတယ်။ ဒါပေမဲ့လညလ်း ဒီမိုကရေစီ အပြည့်အ၀ ရှိတဲ့နိုင်ငံမျိုးမှာ ဒီကနေ့အချိန် တွေ့နေရသလို စစ်တပ်က နိုင်ငံရေး အာဏာကို ရယူမထားသင့်ပါဘူး။ ဒီအတွက် စစ်တပ်ကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်မှုမျိုး၊ အထူးသဖြင့် လက်နက်အရောင်းအဝယ်ကို တားမြစ်ထားမျိုး ဆက်ရှိနေတာပါ။”

ပါမောက္ခ David Steinberg ကတော့ - ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ တပ်မတော်နဲ့ ဆက်ဆံရေးအဆင်ပြေဖို့ဆိုရင် - အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေ ဖယ်ရှားရေးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်တယ်လို့ ယူဆပါတယ်။

“အခုခရီးစဉ်ကနေ တခုခု ထွက်ပေါ်လာတယ် ဆိုတာကို ပြသနိုင်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒီအထဲမှာ အရေးအကြီးဆုံးကတော့ ဒဏ်ခတ်ပိတ်ဆို့မှုပါ။ သူ့အနေနဲ့ စစ်တပ်နဲ့ ဆက်ဆံရေး ကောင်းချင်တယ်ဆိုရင်၊ မြန်မာစစ်တပ်အပေါ် အမေရိကန်က ဒဏ်ခတ်အရေးမှုတွေ ကို ဖယ်ရှားအောင် လုပ်ဆောင်တာက သူ့အတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။”

ဒါပေမဲ့လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားလုံး ရုပ်သိမ်းဖို့ကတော့ အချိန်ယူရလိမ့်ဦးမှာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ တိုးတက်မှုတွေ ရှိလာမယ် ဆိုရင်တော့ - ကျန်နေသေးတဲ့ ဒဏ်ခတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက ဆက်ပြီး ဖယ်ရှားပေးသွားနိုင်ပါ တယ်လို့လည်း သူတို့က သုံးသပ်ခဲ့ကြပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ - ဒီကနေ့မှာ နယူးယောက်မှာရှိတဲ့ မြန်မာ မိသားစုဝင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို၊ Harvard တက္ကသိုလ် Harvard ဖောင်ဒေးရှင်းက ချီးမြှင့်မယ့် ၂၀၁၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာဆု - Harvard Humanitarian of the Year ဆုကို လက်ခံရယူဖို့ရှိပြီး၊ စက်တင်ဘာလ ၁၉ ရက်နေ့ ကျရင်တော့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂ ဆွေးနွေးပွဲကိုတက်ရောက်မှာဖြစ်ပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဒေါ်စုရဲ့ US ခရီး ကန်ပညာရှင်တို့အမြင်