လူ ၂၀ ကျော် သေဆုံးတဲ့ မီးလောင်မှုအတွက် တောင်ကိုရီးယား ဘက်ထရီစက်ရုံပိုင်ရှင် တောင်းပန်

တောင်ကိုရီးယားနိုင်ငံ Hwaseong မြို့ ဘက်ထရီစက်ရုံမီးလောင်ပြီးမြင်ကွင်း (ဇွန် ၂၄၊ ၂၀၂၄)

တောင်ကိုရီးယားနိုင်ငံက Lithium ဘက်ထရီထုတ်လုပ်တဲ့ကုမ္ပဏီမှာ မနေ့က မီးလောင်မှုဖြစ်ပွားပြီး တရုတ်နိုင်ငံသား ၁၈ ယောက် အပါအဝင် ဝန်ထမ်း ၂၂ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် စက်ရုံပိုင်ရှင်က တောင်းပန်လိုက်ပါတယ်။ မီးလောင်မှုကြောင့် အသက်ဆုံရှုံးသွားရသူတွေအတွက် ပူဆွေးနေကြတဲ့ မိသားစုဝင်တွေကို စက်ရုံပိုင်ရှင် Park Soon-kwan က ဝမ်းနည်းစကား ပြောကြားလိုက်တာပါ။

“စက်ရုံမီးလောင်မှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ကိစ္စအတွက် ကျွန်တော် တောင်းပန်လိုပါတယ်။ အထူးသဖြင့် အသက်ဆုံးရှုံးမှုတွေကြောင့် ပူဆွေး သောကရောက်နေကြတဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်းနဲ့ တောင်းပန်စကား ကျွန်တော် ပြောကြားလိုပါတယ်။ ထိခိုက် ဒဏ်ရာရခဲ့သူတွေကိုလည်း ကျွန်တော် တောင်းပန်လိုပြီး သူတို့ အမြန်ဆုံး သက်သာစေဖို့အတွက် ဆုတောင်းပေးပါတယ်” - လို့ စက်ရုံပိုင်ရှင်က ပြောသွားတာပါ။

ဆိုးလ်မြို့တော်နဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ မီးလောင်သွားတဲ့ စက်ရုံထဲမှာ သေဆုံးနေသူတွေ ရှိနေဦးမလားဆိုတာကို သိနိုင်ဖို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဒီကနေ့ ဆက်လက် ရှာဖွေနေကြဆဲဖြစ်ပါတယ်။

Lithium ဘက်ထရီ ပေါက်ကွဲမှုကြောင့်လို့ ယူဆရတဲ့ ဒီစက်ရုံ ဘယ်ကနေစပြီး မီးလောင်တယ်ဆိုတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ Hwasaeng မြို့မှာရှိတဲ့ ဒီစက်ရုံ တနင်္လာနေ့က မီးလောင်မှုဖြစ်ပွားချိန်မှာ ဝန်ထမ်း ၁၀၀ လောက် အလုပ်လုပ်နေကြတာလို့ ဆိုပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး မီးလောင်မှုတခုလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

လူ ၂၀ ကျော် သေဆုံးတဲ့ မီးလောင်မှုအတွက် တောင်ကိုရီးယား ဘက်ထရီစက်ရုံပိုင်ရှင် တောင်းပန်