တောင်ငူထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကျန်းမာရေးမကောင်းတာကြောင့် ဆီးပိုက်တပ်ထားရသလို ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သူနဲ့နီးစပ် သူတွေက ပြောပါတယ်။ ဒီရက်ပိုင်း ပြန်လည်သက်သာ လာပေမယ့် ဆီးပိုက်တော့တပ်ထားရ ဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပေးမှာပါ။
သမ္မတ ဦးဝင်းမြင့်နဲ့နီးစပ်သူတဦးရဲ့ပြောပုံအရ ရောဂါအခြေအနေ အသေးစိတ်မသိရပေမယ့် ပြင်ပဆရာဝန်အကူအညီနဲ့ ထောင်ဆေးရုံမှာ ဆီးပိုက် လာတပ်သွားတယ်လို့ အတည်ပြု ပြောဆိုပါတယ်။ ဆီးပိုက်တပ်ထားတယ်ဆိုတာကလွဲလို့ ရောဂါအသေးစိတ်ကို မသိရသေးဘူးလို့ သူကပြောပါတယ်။
“ဟုတ်တယ် ဆရာမ။ ကျနော်အတိအကျတော့မသိသေးဘူး။ မေးတော့မေးထားတယ်။ သူ့သမီးတွေဆီတောင် အကြောင်းမကြားရသေးဘူး။ အခုက မေးတော့မေးထားတယ်။ ကျနော်လည်း ၂ဆင့်လောက် မေးနေရတယ်။”
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူနဲ့ တောင်ငူထောင်တို့ကို ဗွီအိုအေက ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ပတ်သတ်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းချိန်မှာတော့ ဖမ်းဆီးခံရသူတွေရဲ့ ကျန်းမာရေးကို စစ်ကောင်စီဘက်က အထူး ဂရုစိုက်လုပ်ကိုင်ပေးနေတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ ခုလို ဖြေကြားထားဖူးပါတယ်။
“ကျနော်တို့အနေနဲ့က ထောင်တွင်းမှာဖြစ်ဖြစ်၊ ထောင်ပြင်မှာဖြစ်ဖြစ် လိုအပ်တဲ့ကျန်းမာရေး၊ လိုအပ်တဲ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာရှိတယ်။ ဒါနဲ့ပတ်သတ်လို့ ကျနော်ပြောလိုတာက ကျန်းမာရေးပါ။ ကျန်းမာရေးနဲ့ပတ်သတ်လို့ လိုအပ်တဲ့ ကျန်းမာရေးစောင့် ရှောက်မှုတွေ လုပ်ပေးနေလျက်ရှိတယ်လို့ ပြောချင်ပါတယ်။”
သမ္မတ ဦးဝင်းမြင့်ဟာ စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရပြီး စစ်ကောင်စီက စွပ်စွဲခဲ့တဲ့ အမှုပေါင်း ရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5