မန္တလေးနဲ့ မြိတ်မြို့တွေမှာ ဝမ်းပျက်ဝမ်းလျှောအဖြစ်များ

မန္တလေးမြို့မြင်ကွင်း

မန္တလေးနဲ့ မြိတ်မြို့မှာ အခုလထဲ ဝမ်းပျက်ဝမ်းလျှော အဖြစ်များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြင်းထန်တဲ့ အခြေအနေမဟုတ်ပေမယ့် အစားအသောက်ကနေတဆင့် အဖြစ်များနေကြလို့ ရာသီအကူးအပြောင်းမှာ သတိပြုကြဖို့ကိုလည်း ပရဟိတဆောင်ရွက်သူတွေက ပြောပါတယ်။ မန္တလေးနဲ့ မြိတ်မြို့မှာ အခုလထဲ အဖြစ်များလာတဲ့ ဝမ်းပျက်ဝမ်းလျှော အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကနေ သတင်းပို့ထားပါတယ်။

မန္တလေးမြို့မှာ အခု နိုဝင်ဘာလထဲ ဝမ်းပျက်ဝမ်းလျှောဖြစ်သူ များပြီး၊ လူနာတွေကို ပြင်ပဆေးရုံ၊ ဆေးခန်းတွေက လက်မခံဘဲ မန္တလေးပြည်သူ့ ဆေးရုံကြီးမှာပဲ ကုသပေးနေတယ်လို့ ပြောပါတယ်။ မန္တလေးအခြေစိုက် ပရဟိတအဖွဲ့တခုက ဒီလထဲမှာတင် ဝမ်းပျက်ဝမ်းလျှော လူနာပို့ရတဲ့လမ်းကြောင်းက များလာတယ်လို့ ပြောပါတယ်။

"ဝမ်းပျက်ဝမ်းလျှောက ဆေးရုံပို့ပေးရတာ ၇ ဦး၊ ၈ ဦးလောက်ရှိပြီ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရပ်တွေက ပိုပြီးတော့ဖြစ်တာ များနေတယ်။ ဖြစ်လေ့ဖြစ်ထဆိုတာ ဒီရပ်ကွက်မှာ တဦးပို့ထားတယ်ဆိုရင် အဲဒီရပ်ကွက်က နောက်တဦး၊ နောက်တဦး အဲလိုဆက်ပို့ရတာ။ ရပ်ကွက်အသစ်တွေကတော့ ကျနော်တို့တွေ မတွေ့ဘူးပေါ့။ အသက်သေဆုံးတဲ့ အထိတော့ မတွေ့ရသေးဘူး။ ဝမ်းပျက်ဝမ်းလျှော လူနာတယောက်ကို ဆေးရုံကြီးပို့ပြီးပြီ ဆိုတာနဲ့ တပြိုင်နက်တည်း ဒေသန္တရ ကျန်းမာရေးဌာနကို သတင်းပို့တယ်။ သူတို့က ဆက်စပ်ပြီးတော့ အဲဒီမှာဆောင်ရန်၊ ရှောင်ရန်တို့၊ ဝမ်းပျက်ဝမ်းလျှော ကာကွယ်ရေးအတွက် ဆေးဖြန်းတာတို့၊ ဆေးခတ်တာတို့၊ အဲဒါတွေ လုပ်ကြတယ်ပေါ့။"

ရာသီအကူးအပြောင်း ဆိုပေမယ့် ပြီးခဲ့တဲ့ နှစ်တွေတုန်းက အခုလိုအချိန် ဝမ်းပျက်ဝမ်းလျှောလူနာ မတွေ့ရဘူးလို့ ပြောပါတယ်။ အစားအသောက်ကနေ တဆင့် ဖြစ်ပွားနိုင်လို့ သတိပြုစားသောက် နေထိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

"ကျနော်တို့ များသောအားဖြင့် ခန့်မှန်းကြည့်တာတော့ ဒီအစားအသောက်၊ အနေအထိုင်ပေါ့လေ။ အဲဒီအပိုင်းတွေက ဖြစ်ဖို့များနိုင်ပါတယ်။ အစားအသောက်ကလည်း ဘာဖြစ်လို့လဲဆိုတော့ ခေတ်အခြေအနေအရ ကြုံရာကျပန်းစားကြ သောက်ကြတာတွေက များတယ်လေ။ နောက်ပြီးတော့ လက်လုပ်ချဉ်တို့၊ ဆော့စ်အချဉ်တို့ ဒါတွေက များသောအားဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်တဲ့ အစားအသောက်တွေလေ။ အဲဒါတွေ ရှောင်ကြဉ်ဖို့ရာ ပြောချင်တာပါပဲ။"

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာလည်း အခုလထဲ ဝမ်းပျက်ဝမ်းလျှောကြောင့် ဆေးရုံပို့ရတဲ့လူနာဦးရေ များလာတယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဝမ်းပျက်ဝမ်းလျှော လူနာတွေကို သီးသန့်အဆောင်နဲ့ထားတယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

"အခုတလောကတော့ ဝမ်းပျက်ဝမ်းလျှောက နည်းနည်းတော့ အဖြစ်များလာတယ်။ ဒီ ၁၀ ရက်ဝန်းကျင်လောက်မှာ ဖြစ်လာတာပေါ့။ ငွေကြေးတတ်နိုင်တဲ့ သူတွေကတော့ အပြင်ဆေးခန်းသွားတာပေါ့။ သာမန်လူတွေကတော့ ဆေးရုံကြီးပဲ သွားတာများတယ်။ လူဦးရေကတော့ အခုဖြစ်သလောက် ဆိုရင်တော့ ၃၀ ဝန်းကျင်လောက်တော့ ရှိပြီပေါ့နော်။ အခြေအနေကတော့ မဆိုးပါဘူး။ ဆေးရုံရောက်သွားရင်တော့ အဆင်ပြေသွားတာများတယ်၊ အခုလောလောဆယ်တော့။"

ဝမ်းပျက်ဝမ်းလျှော ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနက ရပ်ကွက်တွေထဲ လိုက်လံသတိပေးတာမျိုး ရှိတယ်လို့ ပြောပါတယ်။ ဝမ်းလျှောသူအများစုက အစားအသောက်ကြောင့် ဖြစ်တာများပြီး၊ ကာလဝမ်းရောဂါလို ကူးစက်ပျံ့နှံ့နေတဲ့ အနေအထားမျိုးတော့ မတွေ့ရသေးဘူးလို့ ပြောပါတယ်။

"ဆေးရုံရောက်လာတဲ့ လူနာတွေကို ဘာတွေစားလဲ မေးတယ်။ တချို့ကလည်းပဲ ကြံရည်နဲ့ ဘာနဲ့စားလိုက်တယ်ပေါ့။ အစားကနေပြီးတော့ ဖြစ်သွားတဲ့ပုံစံမျိုးပဲ တွေ့ရတယ်။ ဝမ်းနူးစာလိုမျိုး စားတယ်။ အခု ကျနော်တို့ဘက်မှာ ရာသီစာဘာရှိလဲဆို ဓနိရည်ချိုရှိတယ်။ တချို့ကလည်း ဓနိရည်ချိုသောက်လိုက်တယ်၊ ဘာနဲ့စားလိုက်တယ်။ တွဲဖက်ပြီးစားလိုက်တဲ့ အစာကြောင့်ပေါ့၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်။ အဲလိုမျိုးပဲ နည်းနည်းများတယ်။ တအိမ်ထဲမှာပဲ ကူးစက်ပြီးတော့ ကူးစက်ရောဂါ တခုလိုမျိုးတော့ ဖြစ်တာမရှိသေးတာပေါ့။ လောလောဆယ် ကျနော်တို့မြိတ်မှာ။"

မြိတ်မြို့မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲ ငါးဖမ်းလှေလုပ်သား ၂ဦး ဝမ်းလျှောပြီး သေဆုံးခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ပိုင်းကစပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ ရေလုပ်သားဦးရေ ၅၀ ဝန်းကျင်အထိ ရှိနေတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။