သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးကြောင့် မန္တလေးတိုင်းအတွင်း ထိခိုက်ဆုံးရှုံးမှုတွေများပြား


မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ထဲ ရေကြီးလို့ လူသေဆုံးကြောင်း မီးသတ်တပ်ဖွဲ့ထုတ်ပြန်ခဲ့ (စက်တင်ဘာ ၁၂၊ ၂၀၂၄)
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ထဲ ရေကြီးလို့ လူသေဆုံးကြောင်း မီးသတ်တပ်ဖွဲ့ထုတ်ပြန်ခဲ့ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ ရာဂိ (Yagi) မုန်တိုင်းနောက်ဆက်တွဲ ရေကြီး၊ မြေပြိုမှုတွေ ကြုံခဲ့ရတဲ့ မန္တလေးတိုင်းအတွင်း အရေးပေါ် အကူအညီတွေနဲ့ ပြန်လည်ထူထောင်ရေး လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ကြုံတွေ့နေရပြီး၊ စေတနာ့ရှင်တွေရဲ့ အကူအညီတွေ ရနိုင်ဖို့တောင် ခက်ခဲနေတယ်လို့လည်း ပြောပါတယ်။ မန္တလေးတိုင်းက ရေဘေးသင့် ပြည်သူတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ပြထားပါတယ်။

မုန်တိုင်းကြောင့် မိုးများ၊ ရေကြီးခဲ့တဲ့ မန္တလေးတိုင်းထဲက သာစည် ၊ ရမည်းသင်း ၊ ပျော်ဘွယ် ၊ ကျောက်ဆည် ၊ မြစ်သား ၊ ဝမ်းတွင်း စတဲ့မြို့နယ်တွေက ကျေးရွာတွေမှာ ရေကြီးရေလျှံတာ ၊ ဆည်ကျိုးတာတွေအပြင် တောင်ပြိုတာတွေကြောင့် နေအိမ်တွေ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ ရမည်းသင်းမြို့နယ်အရှေ့ဘက် လဲဖြူချောင်းနဲ့ ဂွေးပင်ချောင်းဘေးမှာရှိပြီး ရွှေလုပ်သားတွေ အများဆုံးနေထိုင်ကာ အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ သပြေတောကျေးရွာမှာဆိုရင်လည်း အိမ်ခြေ ၄၀၀ နီးပါး ဆုံးရှုံးခဲ့ရပြီး ပျောက်ဆုံးနေသူ အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မိုးလေဝသ သတင်းကတော့ မုန်တိုင်းရှိတယ်ပေါ့နော် အဲ့လောက်ပဲ သိရတာ။ အနှစ် ၂၀ ကျော် ၃၀ နီးပါး ဒီမှာနေခဲ့ကြတဲ့အခါမှာလည်း တခါမှ ဒီလိုမဖြစ်ဖူးတော့ ဒီလောက်တော့ ဖြစ်မယ်မထင်ဘူးပေါ့။(သေဆုံး) ရာဂဏန်းရှိမယ်ဗျ။ အတိအကျတော့ မပြောနိုင်ဘူး။ ရာဂဏန်းတော့ရှိမှာ တချို့ကြတော့ အိမ်အလုံးလိုက်ပါသွားတယ်။ အိမ်ပေါ်မှာ မိသားစုလိုက် ပါသွားတာမျိုးတွေ ဒါမျိုးတွေဖြစ်တယ်။ ပျောက်ဆုံးနေသူတွေရှိတယ်။ ရှာလို့မတွေ့သေးတာတွေရှိတယ်။ ကျွန်တော်တို့ ရင်ခွဲရုံတွေဘက် သွားရှာပြီး မတွေ့တာတွေရှိပါတယ်။ ကျွန်တော်တို့ အသိမိတ်ဆွေတွေ မတွေ့သေးပါဘူး။ ရွာကတော့ ချောင်းကြီးဖြစ်သွားတယ်။ ရွာကနေလို့မရတော့ဘူး။ ဒီနားမှာလည်း ဘယ်သူမှ နေရဲမှာမဟုတ်တော့ဘူး။ အခု ဒူးလောက်ရေကိုတောင် မြင်တာနဲ့ ကြောက်နေကုန်ပြီ။ မဖြစ်မနေ ပြောင်းကြမှာပါ နေခိုင်းရင်တောင် နေရဲမှာ မဟုတ်တော့ဘူး။ လတ်တလော ပြန်လည်ထူထောင်ဖို့ထက် စားဝတ်နေရေး အဆင်ပြေဖို့ လုပ်နေရပါတယ်။ စားဝတ်နေရေး အဆင်ပြေပါတယ်။ အခုလာလှူနေတဲ့သူတွေနဲ့ အခုရက်ပိုင်းမှာ စားဝတ်နေရေးတွေ အဆင်ပြေပါပြီ။ ပြန်လည်ထူထောင်ရေးက ကျွန်တော်တို့အတွက် အခက်ခဲဆုံးဖြစ်မှာပါ။"

ရေဘေးကြောင့် စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့သလို၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ကျွဲနွား တိရစ္ဆာန်တွေလည်း သေဆုံးခဲ့တာပါ။ မန္တလေးတိုင်း သာစည်မြို့နယ်မှာ ဆိုရင်လည်း တိရစ္ဆာန်အသေကောင်တွေကြောင့် ကျန်းမာရေး ထိခိုက်မယ့် အန္တရာယ် ကြုံနေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"တိရစ္ဆာန်တွေအသေများတယ်။ လူကတယောက်ပဲသေတာ။ အသေများတာက နွားနဲ့ဆိတ်နဲ့ အသေများတာပေါ့။ နွားအုပ်လိုက်တွေရှိတာဆိုတော့ တချို့ဆိုတော့တခါမှ မဖြစ်ဘူးတော့ ပေါ့ဆလိုက်တာပေါ့နော်။ ဒီလောက်ကြီးဖြစ်မယ်မထင်တာ။ ပြီးတော့ချည်ထားမိတော့ ချည်ထားမိတဲ့ နွားတွေအကုန်လုံးပါသွားတော့ တအိမ်ကို ၃ ကောင်ပါသွားတဲ့သူတွေလည်းရှိတယ်။ ၂ ကောင်ပါသွားတဲ့သူတွေလည်းရှိတယ်။ရေတွေကအစ တိရစ္ဆာန်တွေ သေထားတဲ့အနံ့တွေနဲ့ ရွာလယ်လမ်းကြီးက နံစော်နေတာနဲ့ ရွာအနောက်ဖက်ကားလမ်းမကြီးက နံနေတာတွေလည်းရှိတယ်။ အနံ့အသက်က တော်တော်မကောင်းတာ။"

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ထဲ ရေကြီးလို့ လူသေဆုံးကြောင်း မီးသတ်တပ်ဖွဲ့ထုတ်ပြန်ခဲ့ (စက်တင်ဘာ ၁၂၊ ၂၀၂၄)
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ထဲ ရေကြီးလို့ လူသေဆုံးကြောင်း မီးသတ်တပ်ဖွဲ့ထုတ်ပြန်ခဲ့ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

မန္တလေးတိုင်းထဲကပဲ ပျော်ဘွယ်မြို့နယ်က ကျောက်ဆည် ဆည်အောက်မှာရှိတဲ့ ကျေးရွာတွေမှာ ရေတိုက်စားတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတဲ့အတွက် လာရောက်လှူဒါန်းသူတွေ ရှိပေမဲ့ အခက်အခဲ ကြုံနေရတာပါ။

"သွားလာတာက လမ်းတွေက ပျက်နေတာဆိုတော့ ဘယ်မှ သွားလာလို့မရဘူး။ ဒီအပြင်ရွာတွေကသာ လာလှူတာ ကိုယ့်ရွာတွေထဲက ထွက်မရဘူးလေအဲ့လိုဖြစ်နေတာ။ လာလှူတဲ့သူတွေကို ကိုယ့်ရွာက ကိုယ်ထွက်ပြီး ဟိုဘက်ရွာကနေသွားထမ်းပြီးမှ ဒီဘက်ရွာကို သွားထမ်းရတာ။ အလှူရှင်တွေက ရွာထဲထိလာပြီးတော့ ကိုယ်တိုင်ကိုယ်ကျ လှူချင်တယ်။ ဒါပေမယ့် အခက်အခဲတွေက လမ်းပိုင်းဆိုးနေတော့ စစဦးချင်း ရေကြီးပြီး နောက်ရက် လာလှူထားတာတွေက မနေ့ကအထိ လမ်းတဝက်ပဲပို့နိုင်တယ်။ မသယ်နိုင်ရွာကိုမသယ်ကြဘူး။ တချို့ဆိုရင် တဝက်လောက်ကို ရွာမသယ်နိုင်တော့ဘူး။ လမ်းခရီးက တော်တော်ဆိုးနေတာတော့ သွားလာရတာ ၄-၅မိုင်လောက် ခြေလျင်လျှောက်ယူရတာဆိုတော့လေ။"

မြန်မာနိုင်ငံတဝှမ်း ရေကြီး၊ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၁၃ ဦး၊ ဒဏ်ရာရသူ ၁၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၆၄ ဦး ရှိကြောင်း စစ်ကောင်စီ ပြောခွင့်ရက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ အိမ်ထောင်စုပေါင်း ၇ သောင်း ၈ ထောင်ကျော် လူဦးရေ ၃ သိန်း ၂ သောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရကြောင်းလည်း ပြောဆိုထားတာပါ။ ဒေသခံတွေနဲ့ အကူအညီပေးရေး ဝန်ထမ်းတွေကတော့ ထိခိုက်သေကြေသူ အရေအတွက် ဒီထက်များနိုင်သလို၊ ပျက်စီးဆုံးရှုံးမှု ပမာဏဟာလည်း ကြီးမားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG