သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့် မြန်မာနိုင်ငံအတွက် အိန္ဒိယ၊ ကိုရီးယား အကူအညီပေးဖို့ ကြေညာ


စက်တင်ဘာ ၁၅ ရက်နေ့မှာ စတင်လိုက်တဲ့ မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေကို စာနာမှုအကူအညီပေးမယ့် အိန္ဒိယရဲ့ Operation Sadbhav အစီအစဉ် (စက်တင်ဘာ ၁၅၊ ၂၀၂၄)
စက်တင်ဘာ ၁၅ ရက်နေ့မှာ စတင်လိုက်တဲ့ မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေကို စာနာမှုအကူအညီပေးမယ့် အိန္ဒိယရဲ့ Operation Sadbhav အစီအစဉ် (စက်တင်ဘာ ၁၅၊ ၂၀၂၄)

ရာဂိ (Yagi) မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၁၀၀ ကျော်ထက်မနည်း သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံအတွက် အကူအညီပေးမယ့် အစီအစဉ်တွေကို အိန္ဒိယနဲ့ ကိုရီးယားနိုင်ငံတို့က ကြေညာလိုက်ကြပါတယ်။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် စာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၁၃ သန်း ထောက်ပံ့ပေးမယ်လို့ ကိုရီးယားအစိုးရက ပြောပါတယ်။

ဒီအကူအညီတွေကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၊ ကုလသမဂ္ဂ ကလေးငယ်များရံပုံငွေအဖွဲ့ (UNICEF) အပြင် အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ(AHA Centre) စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ တောင်ကိုရီးယားသံရုံးက ထုတ်ပြန်ပါတယ်။ ဒါဟာ မြန်မာပြည်သူတွေ ခက်ခဲမှုနဲ့ကြုံတွေ့နေရချိန် လိုအပ်နေတဲ့ပြည်သူတွေကို တောင်ကိုရီးယားက ကူညီထောက်ပံ့ပေးခြင်းဖြစ်ပြီး အဓိကအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာလုံခြုံမှုရှိရေးနဲ့ တခြား အရေးပေါ်လိုအပ်တဲ့နေရာတွေမှာ သုံးစွဲသွားဖို့ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူဘဲ မြန်မာနိုင်ငံ အပါအဝင် ရာဂိမုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ နိုင်ငံတွေကို အကူအညီတွေ စတင်ပေးအပ်နေပြီလို့ အိန္ဒိယက ပြောပါတယ်။ မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေကို စာနာမှုအကူအညီပေးမယ့် Operation Sadbhav အစီအစဉ်ကို မနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ စတင်လိုက်ပြီဖြစ်ကြောင်း အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ကြေညာလိုက်တာပါ။ ဒီအစီအစဉ်ဟာ အိန္ဒိယရဲ့ အရှေ့ပိုင်းဒေသကို ဦးတည်ဆောင်ရွက်ခြင်း "Act East" ပေါ်လစီနဲ့အညီ အာဆီယံအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar က X လူမှုကွန်ယက်မှာ ရေးပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့မှာ စတင်လိုက်တဲ့ မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေကို စာနာမှုအကူအညီပေးမယ့် အိန္ဒိယရဲ့ Operation Sadbhav အစီအစဉ် (စက်တင်ဘာ ၁၅၊ ၂၀၂၄)
စက်တင်ဘာ ၁၅ ရက်နေ့မှာ စတင်လိုက်တဲ့ မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေကို စာနာမှုအကူအညီပေးမယ့် အိန္ဒိယရဲ့ Operation Sadbhav အစီအစဉ် (စက်တင်ဘာ ၁၅၊ ၂၀၂၄)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် အသက်သေဆုံးမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေနဲ့ ပျက်ဆီး ဆုံးရှုံးမှုတွေလည်း အများအပြား ရှိခဲ့တဲ့ မြန်မာနိုင်ငံကို စာနာမှုအကူအညီတွေပေးနိုင်ရေးအတွက် အိန္ဒိယရေတပ်က အရှေ့ပိုင်း ရေတပ်အုပ်စုနဲ့အတူ ပူးပေါင်း ဆောင်ရွက်မှုတွေ စတင်နေပြီလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကို ပို့ပေးမယ့် မွေ့ယာ၊ သောက်ရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ စစ်သင်္ဘောပေါ်ကို မနေ့ညက တင်ပြီးသွားပြီလို့ ဆိုပါတယ်။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတို့ကိုလည်း အလားတူ အကူအညီတွေ ပေးသွားမှာဖြစ်ပြီး စုစုပေါင်းအားဖြင့် အမေရိကန်ဒေါ်လာ ၈၃ သန်းကျော်ဖိုးရှိတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖိလစ်ပိုင်၊ တရုတ်နဲ့ ဗီယက်နမ်တို့မှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အင်အားပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ရာဂိဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူရာချီသေဆုံးခဲ့သလို မုန်တိုင်းရိုက်ခတ်မှုအရှိန်ကြောင့် ထိုင်းနဲ့ မြန်မာနိုင်ငံမှာလည်း ရေကြီးရေလျှံမှုတွေနဲ့ အသက်ဆုံးရှုံးမှုတွေ အများအပြား ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG