ရွေးကောက်ပွဲအချက်အလက် တပ်မတော်တောင်းဆိုမှု ရွေး/ကော်ငြင်းဆန်

ရန်ကုန်မြို့ မဲရုံတခုတွင် ဆန္ဒမဲများရေတွက်နေသည့် ကော်မရှင်အဖွဲ့ဝင်များ။ နိုဝင်ဘာ ၈၊ ၂၀၂၀။

[Zawgyi/Unicode]

တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲပေးခဲ့တဲ့နေရာတွေက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ပြန်လည်စိစစ်ဖို့ တပ်မတော်က အချက်အလက်တွေ တောင်းခံနေတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီကြောင်း ရွေးကောက်ပွဲကော်မရှင်က တုံ့ပြန်လိုက်တဲ့အပေါ် အကဲခတ်တွေရဲ့ အမြင်တွေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် အများပြည်သူက သံသယကင်းကင်းနဲ့ လက်ခံနိုင်အောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ပြန်လည်စိစစ်ရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ကူးယူခွင့်ပြုဖို့ တပ်မတော်ရဲ့ တောင်းဆိုချက်ဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ မညီကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တုံ့ပြန်လိုက်တာပါ။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း ပုံစံ (၂၀) ကလွဲလို့ တခြားစာရွက်စာတမ်း အထောက်အထားတွေကို မိတ္တူကူးယူခွင့် မရှိကြောင်း ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်တာပါ။

သက်ဆိုင်ရာမြို့နယ်အသီးသီးက ကော်မရှင်အဖွဲ့ခွဲတွေကိုလည်း အချက်အလက်တွေကို ကူးယူခွင့်မပြုဖို့ ညွှန်ကြားထားကြောင်း ရှမ်းပြည်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်က ဦးနှစ်ဆန်းဦးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ဆီလာတောင်းလဲ တောင်းတဲ့ဟာက ကျနော်တို့ ကိုယ့်သဘောနဲ့ ကိုယ်ပေးလို့မရဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်သလို၊ အပေါ်ကလည်း အခုဆို တပ်မတော်ဘက်ကပဲ ဖြစ်ဖြစ်ပေ့ါ။ ဘာစာရင်းမှ မပေးရဘူးဆိုလည်း ညွှန်ကြားချက်လည်း ဝင်လာတော့ ကျနော်တို့ဘက်က သီးခြားထပ်ပေးလို့ ပေးပိုင်ခွင့်တော့မရှိတော့ဘူးဗျ... အဲဒီလို ကျနော်တို့ နားလည်ထားတယ်။"

တပ်မတော်ဘက်ကတော့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲပေးခဲ့ကြတဲ့ မြို့နယ် ၂၁၈ မြို့နယ်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ပြန်လည်စိစစ် သုံးသပ်နေကြောင်း ပြောဆိုထားပြီး ပြန်လည်စိစစ်ရာမှာ လိုအပ်တဲ့ အချက်အလက်တွေရဖို့ တောင်းခံထားကြောင်း ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ တပ်ရင်းတပ်ဖွဲ့ မဲဆန္ဒရှင်တွေ ကန့်ကွက်လွှာအတွက် သက်သေခံအဖြစ် ဥပဒေပုဒ်မ ၇၄ နဲ့ ၇၆ တို့အရ အချက်အလက် အထောက်အထားတွေကို ကူးယူခွင့်ပြုဖို့ ကော်မရှင်အဖွဲ့ခွဲတွေထံ တောင်းခံနေတာ တွေ့ရကြောင်းလည်း ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့် အကဲခတ်အဖွဲ့ တခုဖြစ်တဲ့ Peace & Justice Myanmar က ဒေါ်ရွှေရည်ဝင်းကတော့ တပ်မတော်နဲ့ ကော်မရှင်ကြား အပြန်အလှန် တုံ့ပြန်ပြောဆိုနေကြတာဟာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာ အားနည်းချက်တွေရဲ့ ရလဒ်အဖြစ် သုံးသပ်ပါတယ်။

SEE ALSO: ရွေးကောက်ပွဲဆိုင်ရာ တပ်မတော်စစ်ဆေးမှုပေါ် တုံ့ပြန်ချက်တချို့

"ဒီနေ့ဆိုရင် မဲစာရင်း မိတ္တူကူးယူတဲ့ ကိစ္စတွေ၊ အဲ့ဒီကိစ္စတွေဆိုရင် ရွေးကောက်ပွဲမတိုင်ခင်မှာ ထုတ်ပြန်ရမယ့် ကိစ္စတွေ။ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေမှာ ပါတာတွေက လိုသလို ဆွဲလို့ရနေတယ်၊ ဟထားတာပေါ့နော်။ အဓိကကတော့ ကျမတို့ မြန်မာ့နိုင်ငံ ရွေးကောက်ပွဲ ဥပဒေတွေက ရေးဆွဲထားတာ ရှင်းလင်းပြတ်သားမှု အားနည်းတယ်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေမှာ အခက်အခဲတွေ ဖြစ်မလားဆိုတော့ ကျမတို့ လက်ရှိမှာ အချက်အလက်တွေ၊ စာရွက်စာတမ်းမပြောနဲ့ ဖုန်းဆက်မေးတာတောင်မှ အချက်အလက်ရရှိဖို့ မဖြစ်နိုင်အောင်ခက်နေတယ်။ နောက်ဥပဒေမှာ တိတိကျကျ မရေးထားတော့ လိုသလိုရှောင်လွှဲရေးတယ်။ နောက် တကျောင်း တရွာ၊ တဘာသာ တပုဒ်ဆန်းလို့ ပြောရမလားပဲ။ ပြည်ထောင်စုက တမျိုးပြောတယ်။ တိုင်းဒေသကြီး၊ မြို့နယ်တွေက မြို့နယ်ကော်မရှင်တွေက တမျိုးဖြစ်တယ်။ တနေရာနဲ့တနေရာ တပြေးညီမဖြစ်ဘူး ... လုပ်ထုံးလုပ်နည်းတွေက။"

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ မဲစာရင်းတွေ အပါအဝင် ရွေးကောက်ပွဲစာရွက် စာတမ်း ၁၁ မျိုးကို မှတ်တမ်း ထားရှိလိုကြောင်း အကြောင်းပြချက်နဲ့ တပ်မတော်က တောင်းခံထားပြီး၊ ပြည်တွင်း၊ ပြည်ပ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ ပယ်မဲစာရင်း၊ ကြိုတင်ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းတွေ၊ မဲဆန္ဒရှင်စာရင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရတဲ့ ဆန္ဒမဲစာရင်း၊ အသုံးမပြုဘဲ ကျန်ရှိတဲ့ ဆန္ဒမဲလက်မှတ်စာရင်း၊ မဲရုံမှာအသုံးပြုတဲ့ မဲစာရင်း၊ အသုံးမပြုဘဲ ကျန်တဲ့ ဆန္ဒမဲလက်မှတ်နဲ့ လက်ခံဖြတ်ပိုင်းတွေ စတာတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့် အကဲခတ်အဖွဲ့တခုဖြစ်တဲ့ ပွင့်လင်းမြန်မာက ဦးအေးကျော် ကတော့ တပ်မတော်နဲ့ ရွေးကောက်ပွဲ ကော်မရှင်ကြား အပြန်အလှန် ဥပဒေအကိုးအကားတွေနဲ့ အငြင်းပွားစရာ ဖြစ်နေရတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။

"ဒီပြဿနာတွေ အားလုံးက ကျနော်တို့ နိုင်ငံမှာ right to information ပေါ့နော်။ သတင်းအချက်အလက် ဥပဒေ မပြဌာန်းသေးလို့၊ နောက်တခုကတော့ သတင်းအချက်အလက် ရယူခွင့်နဲ့ပတ်သက်လို့ အားနည်းနေသေးလို့ ပေါ်ပေါက်လာရတဲ့ ပြဿနာတွေပေါ့နော်။ ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လေ့လာစောင့်ကြည့်သူတွေပဲဖြစ်ဖြစ်၊ တခြားသူတွေဖြစ်ဖြစ် ပြန်ပြီးတော့ သုံးသပ်ရမှာက ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေပေါ့နော်... အခြေခံဥပဒေပါ ပြဌာန်းချက်တွေရှိတယ်ဗျာ၊ ဒီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေရှိတယ်၊ ရွေးကောက်ပွဲဥပဒေတွေရှိမယ်ပေါ့ဗျာ။ ဒါတွေနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းဆိုင်ရာ ပြန်ပြီးတော့ သုံးသပ်တာတွေ နောင်လာမယ့်အချိန်မှာ လိုအပ်လာပြီလို့ ကျနော်တော့ထင်ပါတယ်။"

ကိုဗစ်ကပ်ရောဂါကာလ ကျင်းပတဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာတုန်းကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ လွတ်လပ်မျှတမှု အခြေအနေအပေါ် စိုးရိမ်ကြောင်းနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ ရှိခဲ့ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်တာဝန်ရှိသူတွေက ပြောဆိုခဲ့တာကြောင့် အခြေအတင် ဖြစ်စရာတွေလည်း ကြုံခဲ့ရပါတယ်။

ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကတော့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လပ်မျှတမှုရှိကြောင်း သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ပြည်နယ်နဲ့ တိုင်း ၆ ခုက မဲဆန္ဒနယ်မြေတချို့ကို ပယ်ဖျက်ခဲ့တဲ့အတွက် မဲဆန္ဒရှင် ၁,၀၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ရတဲ့ အပေါ်မှာတော့ နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်တဲ့ သဘောထား တွေကိုလည်း ပြောဆိုခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ရွေးကောက်ပွဲအချက်အလက် တပ်မတော်တောင်းဆိုမှု ရွေး/ကော်ငြင်းဆန်

[Unicode Version]






SEE ALSO: မဲရုံစောင့် ပညာရေးဝန်ထမ်းတချို့ တရားစွဲခံရ








