ကမ္ဘာကျော်အဆိုတော် အယ်လ်တန်ဂျွန် မျက်စေ့ကွယ်လု ဖြစ်

ဗြိတိန်ဘုရင်ချားစ်နဲ့အတူတွေ့ရတဲ့ အယ်လ်တန်ဂျွန် (နိုဝင်ဘာ ၂၂၊ ၂၀၂၄)

ဗြိတိသျှအဆိုတော် အယ်လ်တန်ဂျွန် အသက် ၇၇ နှစ်က သူမျက်စေ့မမြင်တော့ဘူးလို့ ဒီဇင်ဘာ ၁ ရက်နေ့ တနင်္ဂနွေနေ့ကပဲ လန်ဒန်မြို့တော်မှာ ပြဇာတ်ပွဲလာတဲ့ ပရိသတ်တွေကို ပြောသွားပါတယ်။ "Tiny Dancer" နဲ့ "Rocket Man" သီချင်းတွေအပါအဝင် နာမည်ကျော် တေးသီချင်းတွေနဲ့ တေးဓာတ်ပြားရောင်းအကောင်းဆုံး အဆိုတော်တဦးဖြစ်သူ အယ်လ်တန်ဂျွန်က ပြဇာတ်အထူးပွဲကိုတော့ တက်ရောက်ခဲ့ပြီး သူ ပြဇာတ်ကပြတာ ကြည့်လို့မရဘူးလို့ ပြောသွားတာပါ။

"တချို့သိထားကြတဲ့အတိုင်း ကျွန်တော့်မှာ မျက်စေ့ပြဿနာရှိပါတယ်။ အခုဆို မျက်စေ့က မမြင်ရတော့ပါဘူး။ သရုပ်ဆောင်တာ မတွေ့ရပေမဲ့ ဒီပြဇာတ်ကို ကြိုက်ပါတယ်" လို့ ပြောကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။ သူက အခုလတွေအတွင်းမှာပဲ မျက်စေ့နာပြီး ညာဘက်မျက်လုံးက မမြင်ရတော့ဘူး၊ ဘယ်ဘက်မျက်လုံးကလည်း သိပ်အခြေအနေ မကောင်းဘူးလို့ ပြောသွားတာပါ။ ဒီလိုဆိုတော့ သူက ဘာမှ မဖတ်နိုင် မကြည့်နိုင်တော့သလို ရှေ့လျှောက် သီချင်းအသစ်တွေ သီဆိုဖို့လည်း အခက်အခဲရှိသွားနိုင်ပါတယ်။

လူကြိုက်အများဆုံး ဝတ္ထုတအုပ်ဖြစ်တဲ့ "The Devil Wears Prada" ကို အခြေခံထားတဲ့ တေးသရုပ်ဖော်ပြဇာတ်အတွက် သူက တေးသီချင်းရေးပေးခဲ့တာပါ။ ပြဇာတ်ဖွင့်ပွဲ ကော်ဇောနီခင်း အခမ်းအနားကို တက်ရောက်လာခဲ့တဲ့ အယ်လ်တန်ဂျွန်က "ကျွန်တော် ကြည့်ဖို့ခက်ပေမဲ့ နားထောင်ရတာကောင်းပါတယ်။ ဒီညအသံတွေ ကောင်းပါတယ်" လို့ ပြောသွားတာပါ။

သူက သူ့ခင်ပွန်းဖြစ်တဲ့ David Furnish ဒေးဗစ်ဖာနစ်ရှ် က သူ့ဘေးက မားမားမတ်မတ် ရှိနေပေးလို့ ကျေးဇူးတင်ရပါတယ်လို့လည်း ပြောသွားပါတယ်။

၁၉၇၀ ပြည့်နှစ်အစောပိုင်းမှာ နာမည်ကြီးလာခဲ့ပြီး "Candle in the Wind" လို စန္ဒရားနဲ့ သီဆိုရတဲ့ သီချင်းတွေနဲ့ နာမည်တလုံး ထိန်းထားနိုင်ခဲ့တဲ့ အယ်လ်တန်ဂျွန်က ၂၀၁၈ ကနေ ၂၀၂၃ အထိ နှုတ်ဆက်ဖျော်ဖြေပွဲတွေ ကျင်းပခဲ့ပြီးနောက်ပိုင်း မိသားစုနဲ့ပဲ အချိန်ကုန်နေလိုက်တော့တာ ဖြစ်ပါတယ်။