မီတာခမဆောင်ရင် မီးဖြတ်မယ်လို့ EPC သတိပေး

Myanmar

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ပြည်သူအများက ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ မီတာခ၊ ရေခ အပါအဝင် အစိုးရဘဏ္ဍာဖြစ်စေမယ့် ဝန်ဆောင်ခတွေ မပေးဆောင်ဘဲ အသံတိတ်ဆန္ဒပြနေကြပါတယ်။ လ ျှပ်စစ်မီတာခတွေ မပေးဆောင်သူ တော်တော်လေးများနေတဲ့အတွက် မီတာခမဆောင်ရင် လျှပ်စစ်မီးဖြတ်တောက်ခံရမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက သတိပေးနေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မခင်ဖြူထွေးက ပြောပြပါမယ်။

စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက် အစိုးရဝန်ထမ်းတော်တော်များများ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။

အဲဒီထဲမှာ လ ျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းတွေလည်း ပါဝင်ကြတဲ့အတွက် လုပ်ငန်းလည်ပတ်မှုတွေ ထိခိုက်ခဲ့ပြီး ပုံမှန် မီတာခကောက်ခံတာကအစ နှောင့်နှောင်းခဲ့ပါတယ်။

ပြည်သူအများစုကလည်း စစ်အာဏာသိမ်းအုပ်ချုပ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ မီတာခအပါအဝင် အစိုးရကိုပေးဆောင်ရတဲ့ ဝန်ဆောင်ခတွေကို မပေးဘဲ လျစ်လျူရှုထားကြပါတယ်။

ဒါကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ မီတာခမပေးဆောင်ဘူးဆိုရင် လျှပ်စစ်ဥပဒေအရ လျှပ်စစ်ဓာတ်အား ဖြတ်တောက် အရေးယူခံရမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလမှာ ကျသင့်တဲ့မီတာခတောင်းတဲ့စာရွက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှရခဲ့တဲ့ ရန်ကုန်မြို့က အိမ်ရှင်မတယောက်ကတော့ မီတာခ မဆောင်သေးဘဲ စောင့်ကြည့်ဦးမယ်လို့ ပြောပါတယ်။

“မီတာစာရွက်က မြို့နယ်လျှပ်စစ်မန်နေဂျာ ဆိုတဲ့နေရာမှာ အရင်တုန်းက လက်မှတ်ထိုးတယ်၊ အခုဟာက ဘာမှလက်မှတ်မထိုးဘူး။ လက်မှတ်ထိုးထားတာလည်း မရှိဘူး၊ ၃ လပိုင်း ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဆောင်ရမယ်ဆိုတဲ့ မီတာခကို အခု ၅ လပိုင်းမှ လာပေးတယ်။ ညက သတင်းနားထောင်လိုက်ရတယ်၊ မီတာခကို ကျသင့်သလောက်ပေး၊ တကယ်လို့ မပေးဘူးဆိုရင် သူတို့ဘက်ကဖြတ်မယ်ဆိုရင် သူတို့အနေနဲ့ကတော့ ကြားထဲကနေ အသိပေးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါပေမဲ့ မီတာခ မဆောင်သေးဘူး။”

ဇန်နဝါရီလအတွက် မေလထဲမှာမှရတဲ့ မီတာဆောင်ရမယ့် စာရွက်အတိုင်း သွားဆောင်သူတွေ ရက်လွန်ကြေးပေးခဲ့ရတယ်လို့ ကြုံတွေ့ခဲ့ရသူတယောက်က ပြောပြပါတယ်။

“ဘုန်းကြီးကျောင်း နှစ်ကျာင်းက မီတာခသွားဆောင်တယ်။ သွားဆောင်တော့ ရက်ကျော်ခဆိုပြီးတော့ ၂,၀၀၀ ထပ်ကောက်ထားသေးတယ်။ မီတာစာရွက်မှာ ရေးထားတာကျတော့ ဇန်နဝါရီလအတွက် ဆိုပြီးတော့ စာမှာပါတယ်။ ဒါပေမဲ့ သူက ဒီလပိုင်းမှ လာပြီးပေးတယ်။ သူတို့ပေးပြီး နောက်ထပ် သုံးရက်လောက်မှာ သွားဆောင်တော့ ရက်ကျော်ကြေးဆိုပြီး တောင်းတာ။ ရပ်ကွက်ကလူတွေကတော့ သိပ်မဆောင်ကြဘူး၊ ဆောင်တဲ့သူ တချို့တဝက်ပဲရှိတယ်။ တော်တော်များများက မဆောင်ကြဘူး။ မီးဖြတ်မယ်ဆိုလည်း အဖြတ်ခံပြီးတော့ မဆောင်ကြတာ။”

CDM လှုပ်ရှားမှုမှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း EPC ရုံးဝန်ထမ်းအများစု ပါဝင်ခဲ့ကြပြီး တချို့ဆို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ကြရပါတယ်။ EPC ရုံးတွေမှာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေနေရာမှာ လူသစ်တွေနဲ့ အစားထိုးခန့်တာတွေလည်းရှိပါတယ်။ ဒါကြောင့် တချို့အိမ်တွေက မီတာဆောင်ဖို့ တောင်းခံစာတောင် မရဘူးလို့ ပြောပါတယ်။

“မီတာစာရင်း လာကောက်တဲ့ကောင်လေးကလည်း CDM ဝင်ထားတယ်။ မီတာစာရွက်တွေလည်း ရောက်မလာသေးဘူး။ ဒီနေ့တော့ Facebook မှာတော့ တွေ့လိုက်တယ် ... မီတာခဆောင်ရမယ်ပေါ့။ အန်တီကတော့ မဆောင်ချင်ဘူး။”

CDM ဝင်ထားတဲ့ EPC ဝန်ထမ်းတွေကလည်း စစ်ကောင်စီ ဝင်ငွေရစေမယ့် မီတာခတွေ မဆောင်ကြပါနဲ့လို့ တိုက်တွန်းနေကြပါတယ်။

စစ်တပ်အုပ်ချုပ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ လျှပ်စစ်ရုံးက ကောက်ခံတဲ့ မီတာခအပြင်၊ စည်ပင်သာယာကကောက်တဲ့ အိမ်ခွန်၊ ရေခွန်နဲ့ အညစ်အကြေးခွန်တို့ကိုလည်း မပေးဆောင်ဘဲ အသံတိတ် သပိတ်မှောက်နေကြသူတွေ ရှိပါတယ်။ ဒါ့အပြင် စားသောက်ကုန် ဝယ်ယူရာမှာလည်း အခွန်မပေးဆောင်ရတဲ့ ဆိုင်တွေကိုသာ ဦးစားပေးစားကြဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

...................................

Your browser doesn’t support HTML5

မီတာခမဆောင်ရင် မီးဖြတ်မယ်လို့ EPC သတိပေး

{{Unicode}}











