သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစားထိုး သံဝန်ထမ်းတွေရောက်ရှိလာပေမဲ့ မိမိတို့က သံတမန် အဖြစ် ဆက်လက်ခံယူ (CDM ကြောင့်ဖယ်ရှားခံရသူ ဦးကျော်စွာထွန်း)


CDM မှာ ပါဝင်နေတဲ့ မြန်မာသံရုံးတတိယအတွင်းဝန်ဟောင်း ဦးကျော်စွာထွန်း (Photo- Facebook)
CDM မှာ ပါဝင်နေတဲ့ မြန်မာသံရုံးတတိယအတွင်းဝန်ဟောင်း ဦးကျော်စွာထွန်း (Photo- Facebook)

စစ်ကောင်စီက ခန့်အပ်လိုက်တဲ့ သံရုံးဝန်ထမ်းသစ် သုံးဦးဟာ တာဝန်တွေကို စပြီးထမ်းဆောင်ဖို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက မြန်မာသံရုံး ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

CDM အာဏာဖီဆန်ရေးမှာ ပါဝင်လို့ စစ်ကောင်စီက ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ သံရုံးတတိယအတွင်းဝန် ဦးကျော်စွာထွန်းကတော့ သူတို့နေရာတွေမှာအစားထိုးခံအပ်သူတွေ ရောက်လာတာဟာ အမေရိကန်နဲ့ မြန်မာ သံတမန်ရေးလုပ်ထုံးအရသာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

ဝါရှင်တန်ဒီစီ မြန်မာသံရုံးက CDM လှုပ်ရှားမှုမှာပါဝင်လို့ ရာထူးကနေ ရပ်ဆိုင်းခံလိုက်ရတဲ့ ဒုတိယအတွင်းဝန်တွေဖြစ်တဲ့ ဒေါ်သက်ထားမြရည်စံ၊ ဒေါ်စုစုအောင်နဲ့ တတိယအတွင်းဝန် ဦးကျော်စွာထွန်းတို့ နေရာမှာ အစားထိုးခံအပ်မယ့် ဝန်ထမ်းသစ် သုံးဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့ကြောင်း ဦးကျော်စွာထွန်းက ဗွီအိုအေကိုပြောပါတယ်။ စစ်ကောင်စီက ခန့်လိုက်တဲ့ သံရုံးဝန်ထမ်းသစ် သုံးဦးကို အမေရိကန်က သံတမန် ဗီဇာထုတ်ပေးလိုက်တဲ့အကြောင်းအရင်းနဲ့ ပတ်သက်လို့ တတိယအတွင်းဝန်ဟောင်း ဦးကျော်စွာထွန်းက သံတမန်ရေးလုပ်ထုံးလုပ်နည်းကို အခုလိုပြောပြပါတယ်။

" စစ်ကောင်စီကို အသိအမှတ်ပြုခြင်း မပြုခြင်းဆိုပြီး တိုက်ရိုက်သက်ဆိုင်တယ်လို့ ပြောလို့မရဘူး။ ဘာလို့လည်းဆိုတော့ ကျနော်တို့ သံတမန်ထုံးစံအရ ဟိုဘက်ကလွှတ်တဲ့သူကို ဒီဘက်က လက်မခံဘူးဆိုရင် ဒီဘက်ကလွှတ်တဲ့သူကို ဟိုဘက်က လက်ခံမှာမဟုတ်ဘူးလေ။ အဲဒီသဘောတရားတော့ ရှိတယ်။ ကျနော်တို့ရဲ့ သံတမန် အသွားအလာပုံစံက နှစ်မျိုးရှိတယ်။ အဓိက သံအမတ်ကြီးလို နိုင်ငံရေးရာထူးအဆင့်နဲ့ သံမှူးကြီးအဆင့် အောက် ကျနော်တို့လို သံတမန်ဝန်ထမ်းတွေ အောက်ခြေ သံရုံးစာရေးထိ အဆင့်ရာထူးတွေကျတော့ လက်ခံခြင်း၊ လက်မခံခြင်းဆိုတာ စစ်ကောင်စီကို ထောက်ခံခြင်း၊ မထောက်ခံခြင်းနဲ့ လုံးဝမသက်ဆိုင်ပါဘူးခင်ဗျ။ တခုပဲရှိတာက ကျနော်တို့ မြန်မာသံရုံးတွေပေါ်ကို သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံတွေရဲ့ တုန့်ပြန်မှုကို ကျနော်တို့က အဓိက ဇောင်းပေးကြည့်ရမှာ။

အင်ကြင်းနိုင်။ ။ အဲတော့ လက်ရှိအနေအထားမှာ အိမ်ရှင် အမေရိကန်နိုင်ငံက မြန်မာသံရုံးအပေါ် ဆက်ဆံတဲ့ သဘောထားဘယ်လိုရှိလဲ။

ဦးကျော်စွာထွန်း။ ။ ပြောမယ်ဆိုရင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကျနော်တို့သံရုံးက အထီးကျန်ဖြစ်သွားတာပဲ။ မည်သည့်အစည်းအဝေး၊ မည်သည့်အခမ်းအနား၊ မည်သည့် ပွဲလမ်းသဘင်မှ ဖိတ်ကြားခံရခြင်းမရှိတော့ဘူး။ သံရုံးသာဖွင့်ထားတာ လုပ်စရာဘာမှမရှိတော့ပါဘူး။ ကျန်တဲ့ မိခင်ဝန်ကြီးဌာနကို အစီရင်ခံတင်ပြတာကလွဲလို့ ကျန်တဲ့ အလုပ်ဘာမှမရှိတော့ဘူး။

အင်ကြင်းနိုင်။ ။ တကယ်တမ်းမှာ သံရုံးရဲ့အလုပ်က ရောက်နေတဲ့နိုင်ငံတွေမှာရှိနေတဲ့ နိုင်ငံသားတွေရဲ့ အရေးကိုဆောင်ရွက်ရတယ်။ နောက် ကိုယ့်နိုင်ငံသားတွေရဲ့ ယုံကြည်မှုလည်းရှိရမယ်ဆိုတော့ အခု မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ လက်ရှိသံရုံးအနေအထားအရ မြန်မာနိုင်ငံသားတွေဘက်က ယုံကြည်မှုရမယ်လို့ ထင်လား။

ဦးကျော်စွာထွန်း။ ။ ယုံကြည်မှုကတော့ ဟိုးအရင်ကတည်းက မြင်ခဲ့တဲ့အမြင်ရှိခဲ့တဲ့အတွက်ကြောင့် အခုဆိုရင် ပိုဆိုးသွားပြီပေါ့။ ဘယ်သူကမှလည်း ဆက်ဆံလိုခြင်း မရှိကြတော့ဘူး။ ဘယ်လိုထုတ်ပြန်ချက်မျိုးကိုမှလည်း လက်ခံယုံကြည်ခြင်းမရှိကြတာကတော့ အကုန်လုံးတွေ့နေကြတာပဲ။

အင်ကြင်းနိုင် ။ ။ CDM မှာပါတဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်ရင် အကူအညီတွေပေးမယ်လို့ CRPH NUG အစိုးရက ပြောထားတာရှိတော့ အခုလို ဦးကျော်စွာထွန်းတို့လို CDM မှာပါဝင်တဲ့ သံရုံးဝန်ထမ်းတွေ အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်လို့ သူတို့ ဘာတွေကူညီပေးလဲရှင့်။

ဦးကျော်စွာထွန်း။ ။ လတ်တလောကတေ့ NUG အစိုးရက ကျနော်တို့အပေါ်မှာရော၊ CDM ဝန်ထမ်းတိုင်းပေါ်မှာ သူတို့ ကူညီထောက်ပံ့မှုတွေကိုတော့ ထိထိရောက်ရောက်လုပ်နိုင်အောင် ဆိုပေမယ့် ဝင်ငွေစီးဆင်းမှုပေါ့နော်၊ ပြည်တွင်းမှာ လည်ပတ်စီးဆင်းမှုပေါ် အခြေခံတယ်၊ နောက်ပြီး စစ်ကောင်စီဘက်ကနေ လိုက်ပြီး ဖြတ်တောက်နေတာတွေ၊ အကြောင်းအမျိုးမျိုးတွေကြောင့် ထိထိရောက်ရောက် အကောင်အထည်ဖေါ်နိုင်သေးခြင်းမရှိသေးဘူးပေါ့။ ကျနော်တို့ ပြည်ပက သံတမန်ဝန်ထမ်းတွေအတွက် CRPH ရဲ့အကူအညီနဲ့ ကျနော်တို့ ဒီမှာရှိတဲ့ ဒေသခံ မြန်မာအသိုင်းအဝိုင်းတွေရဲ့ အကူအညီတွေကို ကျနော်တို့ ရပါတယ်။

အင်ကြင်းနိုင်။ ။ တကယ်လို့ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ခဲ့လို့ အရပ်သားအစိုးရလက်ထဲ အာဏာပြန်ရပြီဆိုရင် ဦးကျော်စွာထွန်းတို့က သံတမန်ဝန်ထမ်းတွေအဖြစ် ဆက်သွားမလား။ ဘာဆက်လုပ်မလဲ။

ဦးကျော်စွာထွန်း။ ။ ကျနော်တို့အကုန်လုံးကတော့ အရပ်သားအစိုးရ ပြန်တက်လာပြီးဆိုတာနဲ့ ဆက်လက်ပြီးတော့ သံတမန်အနေနဲ့ပဲ တာဝန်ထမ်းဆောင်ကြမှာပါ။ အခုလက်ရှိမှာလည်း စစ်ကောင်စီဘက်က ကျနော်တို့ကို ထုတ်တယ်လို့ ဆိုပေမဲ့လည်း ကျနော်တို့ရဲ့ စိတ်ထဲမှာ ကိုယ့်ကိုကိုယ် သံတမန်လို့ပဲ သတ်မှတ်ထားတယ်။ ဟိုတလောကပဲ ကျနော်တို့ရဲ့ နိုင်ငံခြားရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ကျနော်တို့ကို သံတမန်အဖြစ် ဆက်လက်အသိအမှတ်ပြုပေးဖို့ သက်ဆိုင်ရာနိုင်ငံတွေကို တောင်းဆိုထားတာလည်းရှိပါတယ်။

ဝါရှင်တန်ဒီစီက မြန်မာသံရုံးကို ရောက်ရှိလာတဲ့ ဝန်ထမ်းသစ်သုံးဦးမှာ ဒုတိယအတွင်းဝန် နှစ်နေရာအတွက် အမျိုးသားတဦး၊ အမျိုးသမီးတဦးနဲ့ တတိယအတွင်းဝန်နေရာအတွက် အမျိုးသမီး တဦးဖြစ်တယ်လို့ ဦးကျော်စွာထွန်းက ပြောပါတယ်။
အခုလို ဝန်ထမ်းသစ်တွေရောက်ရှိလာတာနဲ့ ပတ်သက်လို့ မြန်မာသံရုံးက တာဝန်ရှိသူတွေကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုန့်ပြန်ဖြေဆိုမယ့်သူမရှိပါဘူး။

မြန်မာသံရုံးမှာ ဝန်ထမ်း စုစုပေါင်း ၁၀ ဦးရှိတဲ့အနက် ဖေဖေါ်ဝါရီလ (၁)ရက်နေ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ဝန်ထမ်း ၅ ဦးပါဝင်ခဲ့တဲ့အတွက် အခုလို အစားထိုးခန့်အပ်ဖို့ ဝန်ထမ်းသစ်သုံးဦးရောက်ရှိလာတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရက ခန့်အပ်ခဲ့တဲ့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကတော့ လက်ရှိ စစ်ကောင်စီလက်ထက်မှာလည်း ဆက်ပြီး တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။

-----------------------















ဆက်စပ်သတင်းများ ...

XS
SM
MD
LG