အစ္စရေးကိုကာကွယ်ဖို့ ကန်စစ်လေယာဉ်တွေ အရှေ့အလယ်ပိုင်းစေလွှတ်

အီရန်နဲ့အီရန်ကထောက်ပံ့တဲ့အဖွဲ့တွေတိုက်ခိုက်လာနိုင်ခြေအတွက် အရှေ့အလယ်ပိုင်းဒေသကို ပို့ပေးထားတဲ့ F-22 အမျိုးအစား အမေရိကန်စစ်လေယာဥ်။ (ယခင်မှတ်တမ်းဓာတ်ပုံ)

အီရန်နဲ့ အီရန်က ထောက်ပံ့နေတဲ့အဖွဲ့တွေဘက်က တိုက်ခိုက်လာနိုင်ခြေရှိနေတာကြောင့် အကူအညီပေးဖို့ အမေရိကန်စစ်လေယာဉ်တွေ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိနေပါတယ်။

အရှေ့အလယ်ပိုင်းဒေသက အမေရိကန်တပ်ဖွဲ့တွေကိုကွပ်ကဲတဲ့ အလယ်ပိုင်းစစ်ဌာနချုပ်ကတော့ သြဂုတ်လ ၈ ရက်နေ့မှာ F-22 တိုက်လေယာဉ်အုပ်စု ရောက်လာကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဂျက်တိုက်လေယာဉ်တွေ ပုံကို လူမှုမီဒီယာမှာ ပြသခဲ့ပါတယ်။ ဒါဟာ အီရန် ဒါမှမဟုတ် အီရန်ရဲ့အဖွဲ့တွေ ဒေသတွင်း အရှိန်မြှင့်လာနိုင်တာကို ဖြေလျှော့ဖို့အတွက် အမေရိကန်တပ်ဖွဲ့ရဲ့ အနေအထားပြောင်းလဲမှု တစိတ်တပိုင်းကို ပြသတာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ Sabrina Singh က ဒီတိုက်လေယာဉ်တွေဟာ ကာကွယ်ရေး အတွက် သိပ်တန်ဖိုးရှိပြီး သူတို့ကို အသုံးရလွယ်ကူစေမယ့် စနစ်တွေထပ်ဖြည့်ထားကြောင်းနဲ့ ဒါဟာ ဘေရွတ်မှာ မကြာသေးခင်က ဟက်ဇ်ဘိုလာတပ်မှူးကို အစ္စရေးကသုတ်သင်ခဲ့တာနဲ့ တဟီရန်မှာ ဟာမတ်စ်နိုင်ငံရေး ခေါင်းဆောင် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်မှာကိုစိုးရိမ်လို့ အခုလို အရှေ့အလယ်ပိုင်း ဒေသကို ဂျက်တိုက်လေယာဉ်တွေ ပို့ထားတာဖြစ်ကြောင်း ပြောပါတယ်။

အီရန်ကရော ဟက်ဇ်ဘိုလာတွေကပါ ဒီကိစ္စအတွက် အစ္စရေးကိုလက်တုံ့ပြန်မယ်လို့ ကြုံးဝါးထားတာဖြစ်ပြီး အစ္စရေးကလည်း နောက်ထပ်အသစ်ခန့်ထားတဲ့ ဟာမတ်စ်ခေါင်းဆောင် ယာယာဆင်ဝါကို သုတ်သင်မှာ ဖြစ်ကြောင်း ကြေညာထားတာပါ။ ပင်တဂွန်ပြောခွင့်ရ Singh ကတော့ အခုလို အစ္စရေးကာကွယ်ရေးအတွက် လိုအပ်သလို အမေရိကန်ကအသင့်ပြင်ထားပေမယ့် ဒေသတွင်းတင်းမာမှုတွေ ထပ်တိုးမလာအောင်တားဆီးဖို့ ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။

Your browser doesn’t support HTML5

အစ္စရေးကိုကာကွယ်ဖို့ ကန်စစ်လေယာဉ်တွေ အရှေ့အလယ်ပိုင်းစေလွှတ်