ခရစ္စမတ် ဖေါက်ခွဲမယ့်သူ FBI ဖမ်းဆီး

နိုင်ငံခြား ခရီးသွားတွေ အလာများတဲ့ အမှတ် 39 ဆိပ်ကမ်း တံတား

ခရစ္စမတ်နေ့မှာ ဆန်ဖရန်စစ္စကို က နိုင်ငံခြား ခရီးသွားတွေ အလာများတဲ့ နေရာမှာ တိုက်ခိုက်ဖို့ စီစဉ်နေတယ် ဆိုပြီး အမေရိကန် အမျိုးသား တဦးကို FBI အမေရိကန် ထောက်လှန်းရေး ဌာနက ဖမ်းဆီးခဲ့ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် Modesto က အသက် ၂၆ နှစ်အရွယ် Everitt Aaron Jameson ကို ဒီသီတင်းပတ် အစောပိုင်းမှာပဲ ဖမ်းဆီးခဲ့တယ် FBI က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

Jameson ဟာ San Francisco က နိုင်ငံခြား ခရီးသွားတွေ အလာများတဲ့ အမှတ် 39 ဆိပ်ကမ်း တံတားကို အဝေးထိန်း ဖေါက်ခွဲမှုတွေ လုပ်ပြီး ကြောက်လန့် ထွက်ပြေးကြသူတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ပစ်ခတ်မယ့် သူ့အကြံအစည်ကို FBI ဝန်ထမ်း ဖြစ်မှန်း မသိအောင် လျှို့ဝှက် ထားသူတဦးကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာဟာ လူအမြဲကျပ်ညပ်နေတဲ့ နေရာဖြစ်သလို သူ ဂဃနဏ သိနေတဲ့ နေရာဖြစ်တာမို့ ဒီနေရာကို သူရွေးချယ်ခဲ့တယ်လို့လည်း FBI ကပြောပါတယ်။ ဒါ့အပြင် လာမယ့် တနင်္လာနေ့ဟာ ခရစ္စမတ် အားလပ်ရက်ဖြစ်တာကြောင့် အဲဒီနေ့ အဲဒီနေရာဟာ တိုက်ခိုက်ဖို့ အကောင်းဆုံး နေရာ ဖြစ်ကြောင်းနဲ့ သူဟာ သေဖို့ အသင့်ဖြစ်နေတာကြောင့် သူ့အစီစဉ်ထဲမှာ လွတ်မြောက်အောင် ထွက်ပြေးဖို့ မပါဘူးလို့ ပြောကြားခဲ့တယ် လို့လည်း ပြောပါတယ်။

သူ့အိမ်မှာ သူ့ကိုယ်သူ သတ်သေကြောင်း ရေးထားတဲ့ စာအပြင် သေနတ်နဲ့ လက်နက်ခဲယမ်း တွေကိုလည်း သိမ်းဆည်း ရမိတယ်လို့ FBI က ပြောပါတယ်။

Your browser doesn’t support HTML5

ခရစ္စမတ် ဖေါက်ခွဲမယ့်သူ FBI ဖမ်းဆီး