အမေရိကန်အစိုးရဌာနတချို့ ဆိုက်ဘာတိုက်ခိုက်ခံရ

ဆိုင်ဘာဖောက်ထွင်းမှု ရည်ညွှန်းရုပ်ပုံ

အမေရိကန်ရဲ့ စွမ်းအင်ဌာနအပါအဝင် အစိုးရအေဂျင်စီ အများအပြားကို ရုရှားရဲ့ ခြိမ်းခြောက် ငွေညှစ်တဲ့ ဆိုက်ဘာ ဂိုဏ်းတခုက ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ အမေရိကန်လုံခြုံရေး အရာရှိတွေက ပြောပါတယ်။အစိုးရအဖွဲ့တွေနဲ့ ကော်ပိုရေးရှင်းတွေကြားမှာ အသုံးများတဲ့ ဖိုင်လွှဲပြောင်းတဲ့ ပရိုဂရမ်တခုဖြစ်တဲ့ MOVEit Transfer ကတဆင့် ဖောက်ထွင်းတာလို့လည်း အမိမြေလုံခြုံရေးအရာရှိတွေက ဒီနေ့မှာ ပြောပါတယ်။ စွမ်းအင်ဝန်ကြီးဌာနရဲ့ လုပ်ငန်းနှစ်ခုလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

ရုရှားနဲ့ ဆက်စပ်နေတဲ့ ခြိမ်းခြောက်ငွေညှစ်တဲ့ ဟက်ကာအဖွဲ့တခုဖြစ်တဲ့ CI0p အဖွဲ့က ဒီ ဆိုက်ဘာတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က တရားမဝင်ဒုစရိုက်လုပ်ငန်းတွေလုပ်တဲ့ ဝဘ်ဆိုက်တခုကနေ ထုတ်ပြောခဲ့ပါတယ်။ အရေးကြီးတဲ့အချက်အလက်တွေကို မပျက်ဆီးစေချင်ရင် အပေးအယူညှိနှိုင်းမှုတွေလုပ်ဖို့ကို ဗုဒ္ဓဟူးနေ့အထိ အချိန်ပေးထားတယ်လို့လည်း သူတို့က ပြောပါတယ်။အပေးအယူ မလုပ်ဘူးဆိုရင်တော့ ဘယ်အစိုးရဌာန၊ ရဲဌာနဲ့ မြို့ပြဌာနတွေရဲ့ အချက်အလက်တွေကိုမဆို ဖျက်ဆီးပစ်မယ်လို့လည်းပြောထားပါတယ်။


အမေရိကန်က ဂျော်ဂျီယာတက္ကသိုလ်၊ Johns Hopkins တက္ကသိုလ်နဲ့ ကျန်းမာရေးဆိုင်ရာ လေ့လာမှုအပါအဝင် Johns Hopkins တက္ကသိုလ်ရဲ့ကျန်းမာရေးစနစ်၊ ဗြိတိန်နိုင်ငံက Shell ရေနံကုမ္ပဏီ စတာတွေလည်း ပစ်မှတ်ထားခံရတဲ့အထဲမှာ ပါဝင်နေတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေးအေဂျင်စီတွေကတော့ ထိခိုက်ခံရတာ မရှိဘူးလို့ CISA အကြီးတန်းအရာရှိတဦးက အေပီသတင်းဌာနကို ပြောထားပါတယ်။ အွန်လိုင်းဖောက်ထွင်းတိုက်ခိုက်ခံရတဲ့ MOVEit software ကုမ္ပဏီကတော့ သူတို့ရဲ့ စနစ်တွေကို ပြုပြင်ဖို့ အစိုးရဌာနတွေအပြင် သူ့ရဲ့အခြားဖောက်သည်တွေရဲ့ အတူပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

အမေရိကန်အစိုးရဌာနတချို့ ဆိုက်ဘာတိုက်ခိုက်ခံရ