ကရင်ပြည်နယ် အာရှလမ်းစိုးမိုးရေး စစ်ကောင်စီထိုးစစ်ဆင်

အာရှလမ်းမကြီးပေါ်မှာတွေ့ရတဲ့ BGF တပ်ဖွဲ့ဝင်များ (ယခင်ပုံဟောင်း)

ကရင်ပြည်နယ်အတွင်းက အာရှလမ်းအပါအဝင် ကော့ကရိတ်မြို့မြောက်ပိုင်း မိချောင်းအင်း၊ ရန်ကုတ်၊ ကောင်းမှု၊ အောက်ဘိုတဲ၊ ကမိုင်ကုန်း စတဲ့နေရာတွေ မှာ စစ်ကောင်စီ BGF တွေနဲ့ KNLA/PDF တွေဟာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က နယ်ခြားစောင့်တပ်က ပူးပေါင်းပါဝင်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ် ။ဒီ သတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းက အာရှလမ်းအပါအဝင် ကော့ကရိတ်မြို့မြောက်ပိုင်း မိချောင်းအင်း၊ ရန်ကုတ်၊ ကောင်းမှု့၊ အောက်ဘိုတဲ ကမိုင်ကုန်း စတဲ့နေရာတွေ မှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်၊ စစ်ကောင်စီဘက်က လွန်ခဲ့တဲ့ ဧပြီလကတည်းကတက်လာတဲ့ အောင်ဇေယျစစ်ကြောင်းက အင်အားဖြည့်ပြီး ထိုးစစ်ဆင်လာသလို အာရှလမ်းကိုပြန်လည်စိုးမိုးနိုင်ရေးအတွက် လက်နက်ကြီးနဲ့ဒရုန်းတွေကို သုံးပြီးတိုက်ခိုက်မှုတွေပိုများလာတယ်လို့ ပူးပေါင်းတပ်ဖွဲ့ဘက်က VOAကို ပြောပါတယ်။

"ကော့ကရိတ်ဘက်မှာတော့ တိုက်ပွဲက နေ့စဉ်နီးပါးဖြစ်နေတာပေါ့နော် ၊ အခုဆိုရင် ခလရ ၉၇ ကနေ အာရှလမ်းကိုလက်နက်ကြီးနဲ့ပစ်တယ် ဒရုန်းတွေလည်းအများအပြားသုံးတယ်။ ကျွန်တော်တို့ဘက်ကတော့ ဂျန်ပါနဲ့ဖမ်းကာကွယ်နေရတာပေါ့နော် တိုက်ပွဲမှာ အင်အားတွေ ကို ရန်သူ(စကစ)ဘက်ကတော့တိုးချဲ့လာနေတယ် ၊ ကော့ကရိတ်နားတဝိုက် တောနော်ရေတံခွန်အဆင်း ကျုံဒိုးဘက်ခြမ်းမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်။ ကျုံဒိုးမရောက်ခင်ကမိုင်ကုန်းဘက်မှာဖြစ်နေတယ်၊ သူတို့က အာရှလမ်းကိုစိုးမိုးနိုင်ရေး ထိုးစစ်ဆင်နေတာပေါ့နော်၊ ထိုးစစ်ဆင်လိုက် ပြန်လှန် ဆင်းလိုက် အဲဒီလိုအနေအထားပဲရှိတယ် အောင်ဇေယျစစ်ကြောင်းကတော့ ဖွဲ့စည်းပုံပျက်လိုက် အသစ်ပြန်ဖွဲ့လိုက်ထိုးစစ်ဆင်လိုက် ကျနော်တို့ဘက်က ပြန်တိုက်လို့ ပြန်လန်ဆင်းသွားလိုက်ဖြစ်နေပါတယ်"

ကော့ကရိတ်-ကျုံဒိုး၊ တောင်ကြာအင်းဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေသလို ကျုံဒိုး၊ ဂျိုင်း တံတား၊ တောင်ကြာအင်း ဒေသတွေမှာတော့ စစ်ကောင်စီတပ်တွေနဲ့အတူ BGF နယ်ခြားစောင့်တပ်တွေကပူးပေါင်းပြီးတိုက်နေတာ လုံခြုံရေးကင်းတွေလုပ်ပေးနေတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

"ကော့ကရိတ်နားတဝိုက် ကိုးတိုင်တို့ ခုနှစ်တိုင်တို့ဘက်မှာ BGF နယ်ခြားစောင့်တပ်တွေလည်းပါတယ် ၊ ၅၄၃ တပ်ဖွဲ့တွေနဲအတူ ဗိုလ်ဘိအဖွဲ့တွေက ပူးပေါင်းပါဝင်တာတွေရပါတယ်"

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာ ၂၀၂၄ နှစ်ဆန်းပိုင်းကစပြီးတိုက်ပွဲတွေဖြစ်နေတာပါ။ KNU ဘက်ကတော့ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး အာရှလမ်းကိုပိတ်ထားခဲ့တာကြောင့် စစ်ကောင်စီဘက်က အာရှလမ်းကို တနှစ်ကျော်ကြာတဲ့အထိ ပြန်လည်ထိန်းချုပ်နိုင်တာမရှိသေးသလို ကော့ကရိတ်-မြ၀တီလမ်းတလျှောက်ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံကထိန်းချုပ်ထားပါတယ်။ တိုက်ပွဲတွေပြင်းထန်တဲ့အခြေအနေကိုတော့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Your browser doesn’t support HTML5

ကရင်ပြည်နယ် အာရှလမ်းစိုးမိုးရေး စစ်ကောင်စီထိုးစစ်ဆင်