တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေ ခက်ခဲကြပ်တည်းလာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲက ဒေသခံတွေရဲ့ နေ့စဉ်ဘဝတွေ ခက်ခဲကြပ်တည်းလာနေပြီး အလုပ်အကိုင်ရှားပါးမှု စားနပ်ရိက္ခာပြတ်လပ်မှု ဆေးဝါးမလုံလောက်မှု စတဲ့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ဒေသတွင်းနေထိုင်သူတွေကပြောပါတယ်။ လက်ရှိမှာလည်း ရခိုင်တပြည်လုံးစစ်ရေးပဋိပက္ခတွေ ဆက်ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံသိန်းချီ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AA ကြား တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလကစပြီးတော့ ရခိုင်ပြည်တွင်း ကုန်စည်စီးဆင်းမှုတွေနဲ့ လမ်းပမ်းဆက်သွယ်ရေး အားလုံးကို စစ်ကောင်စီက ပိတ်ဆို့ပြတ်တောက်ထားတာ ဒီကနေ့အထိ ဖြစ်ပါတယ်။ အခုလို ပိတ်ဆို့ထားတာကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ကုန်စည်ပြတ်လပ်တာ ကုန်ဈေးနှုန်းမြင့်မားတာ၊ ဆေးဝါးမလုံလောက်တာတွေနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးမှုဒဏ်တွေကို ဒေသခံတွေ ရင်ဆိုင်နေကြရတယ်လို့ ရခိုင်ဒေသခံအမျိုးသမီးတဦးက ဗွီအိုအေကို ပြောပါတယ်။

“ တဘက်မှာ အလုပ်အကိုင်ကမရှိ ကုန်ဈေးနှုန်းကလည်း ကျမလာဘူးဆိုတော့ အကုန်လုံးက ခက်ခဲကြတာပေါ့နော် တချို့ဆိုလို့ရှိရင် ကျမတို့မြေပြင်မှာ တွေ့ရတာကတောင်းရမ်းစားသောက်တဲ့ ကလေးတွေ အများအပြားတွေ့ရတယ်၊ ပြီးတော့ သက်ကြီးပိုင်းတွေလည်းတွေ့ရတယ် သက်လတ်ပိုင်းတွေ လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်တွေပေါ့နော် သူတို့တွေလည်း တောင်းရမ်း စားသောက်နေတာ တွေ့ရတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း သိန်းနဲ့ချီရှိလာနေပြီး စားဝတ်နေရေး ကျန်းမာရေး စတဲ့အခက်အခဲတွေကို ရင်ဆိုင်နေကြရတာပါ။ စစ်ဘေးဒုက္ခသည်တွေအပါအဝင် ရခိုင်ဒေသတွင်းမှာနေထိုင်သူအားလုံးဟာလည်း စစ်ရဲ့ဒဏ်ကို ခံစားနေကြရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုဝေဟင်အောင်ကပြောပါတယ်။

“ စစ်ပွဲဖြစ်သွားတဲ့ ထဲမှာတော့ စစ်ဘေးရှောင်အုပ်စုရှိမယ်၊ တခြားတဘက်မှာက စစ်တော့ မဖြစ်ဘူး ဒါပေမယ့် စစ်ပွဲရဲ့ ဒဏ်ကို ခံနေကြရတဲ့ ပြည်သူတွေရှိတယ်၊ သူတို့ရပ်ရွာနားမှာတော့ စစ်ပွဲမဖြစ်ခဲ့ဘူး ဒါပေမယ့် စစ်ပွဲရဲ့ ဒဏ်ကို တနည်းနည်းနဲ့ ခံစားနေရတဲ့ ပြည်သူတွေ ဒီအုပ်စုတွေလည်းဒုက္ခ ရောက်သွားတာပဲ ခုနားက ကုန်ဈေးနှုန်းမြင့်တက်ဒဏ်ကို ခံရတယ် စစ်သုံးဆီးတွေဆိုရင် တော်တော် ရှားရှားပါးပါးဖြစ်သွားတယ် အဲဒီမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ အခက်အခဲဖြစ်သွားတယ်၊ ဆိုတော့ ဒီပြည်သူတွေလည်း စစ်ပွဲရဲ့ဒဏ်ကို တနည်းနည်းနဲ့ခံရပါတယ်။”

လက်ရှိမှာလည်း ရခိုင်ပြည်နယ်က ဂွ၊ တောင်ကုတ်၊ မောင်တောနဲ့ အမ်းမြို့နယ်မှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒီကနေ့အထိ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း လေကြောင်းတိုက်ခိုက်လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ပစ်ခတ်မှုဒဏ်တွေကြောင့် လူပေါင်းများစွာ ထိခိုက်သေကြေ အသက်ဆုံးရှုံးနေကြရလို့ အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာကို အသက်လုပြေးနေရတာမို့ ဒေသခံတွေမှာ ပိုပြီးတော့ ခက်ခဲကြပ်တည်းလာနေကြရတယ်လို့လည်း ကိုဝေဟင်အောင်က ဆက်ပြောပါတယ်။

“ အခုအသစ်တိုးလာတဲ့ စစ်ဘေးရှောင်တွေကတော့ ဘယ်လိုမှ ရပ်တည်လို့မရသေးဘူး နေစရာနေရာ လည်းမရှိသေးဘူး စားစရာလည်းမရှိဘူး ဝတ်စရာလည်းမရှိဘူး ဒီအုပ်စုတွေကတော့ ပိုပြီးတော့ ခက်ခဲ တယ်ခင်မျာ။ ဒီကြားထဲမှာ စစ်ကောင်စီကနေပြီးတော့ ရခိုင်ဘက်ဝင်လာတဲ့ လမ်းကြောင်းတွေ အကုန်လုံးကို ပိတ်လိုက်တယ်ပေါ့၊ ကုန်ကြောင်း ရေကြောင်း အကုန်းလုံးကို ပိတ်လိုက်တဲ့အတွက် ပစ္စည်းရှား ပါးမှုရယ် ကုန်စည်းပြတ်လပ်မှုရယ် ဒီကြားထဲမှာ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ဒီစား ရေးသောက်ရေး နေရေးထိုင်းရေး အခင်းအကြင်းကတော့ လုံးဝကို ကြပ်တည်းသွားတဲ့အနေ အထား မှာရှိပါတယ်။”

ရခိုင်တိုက်ပွဲ တနှစ်ကျော်ကာလအတွင်းက AAအနေနဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁ဝခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ပြီးတော့ အဲဒီဒေသတွေမှာ ပြန်လည်ထူထောင်ရေး နဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် ဒေသတွင်း ကုန်စည်ရှားပါးမှုတွေနဲ့ အလုပ်လုပ်ကိုင်ခွင့်ရှားပါးမှုတွေကိုတော့ မဖြေရှင်းပေးနိုင်ဘူးလို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်မြောက်ပိုင်းက AA ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာတော့ အိန္ဒိယနိုင်ငံဘက်က ဝင်လာတဲ့ အခြေခံစားသောက်ကုန်တချို့ရှိလာတာတွေ့ရပေမယ့် ဆေးဝါးတွေ ရှားပါးနေဆဲဖြစ်တယ်လို့လည်း ရခိုင်မြောက်ပိုင်းနေထိုင်သူ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

“ တချို့ကုန်ပစ္စည်းတွေဆိုရင် ရှားပါးတယ် ဆိုလိုချင်တာက ဆေးဝါးတွေကတော့ အများကြီးရှား ပါးတယ်။ စားသောက်ကုန်တချို့ကတော့ အိန္ဒိယတို့ မီဇိုရမ်တို့ဘက်ကဝင်တဲ့ စားသောက်ကုန်တွေ ကတော့ မရှားတဲ့ အနေအထားပေါ့နော်။”

ဒါ့အပြင် စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့နယ်တွေဖြစ်တဲ့ ကျောက်ဖြူ မာန်အောင်နဲ့ စစ်တွေမြို့နယ်မှာလည်း ကုန်ဈေးနှုန်းတွေ မြင့်တက်တာတွေ စားနပ်ရိက္ခာတွေမလုံလောက်တာတွေနဲ့ ဆေးရုံ ဆေးခန်းတွေမှာလည်း ဆရာဝန်တွေ မရှိသလောက်နည်းပါးနေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရတာပါ။ ဒါ့အပြင် မကြာခဏဆိုသလို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတာကြောင့် ဒေသခံတွေဟာ စစ်ကောင်စီထိန်းချုပ်နယ်မြေတွေကနေ ထွက်ခွာဖို့ ကြိုးစားနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ၂၀၂၃- ၂၄ အချက်အလက် ကောက်ယူမှုတွေအရ ရခိုင်ပြည်နယ်ရဲ့ စီးပွါးရေးဟာ လည်ပတ်မှု လုံးဝ မရှိသလောက်နီးပါး ဖြစ်နေတာကြောင့် ဒေသခံ ၂ သန်းကျော် အငတ်ဘေးဆိုက်မယ့် အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြော ခွင့်ရ Stephanie Tremblay က နယူးယောက်မြို့ ကုလရုံးချုပ် သတင်းစာရှင်း လင်းပွဲမှာ ပြောပါ တယ်။ ဒါဟာ ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် UNDP ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ဆန်းစစ်ချက်ဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အထူးပြုဖော်ပြထားတာပါ။

Your browser doesn’t support HTML5

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေ ခက်ခဲကြပ်တည်းလာ