ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်

KIA တပ်ဖွဲ့ဝင်များ (ယခင်ပုံဟောင်း)

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ဒီရက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်း အပြင်းအထန် တိုက်ခိုက်နေတယ်လို့လည်း KIA က ပြောပါတယ်။ တချိန်တည်းမှာ ဖားကန့်ဒေသမှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို လားရှိုးမြို့ကိုလည်း စစ်ကောင်စီက လေကြောင်းထပ်မံ ဗုံးကြဲတာတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

ကချင်ပြည်နယ်မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ၁ လကျော်ကြာမြင့်လာနေပြီး ဒီရက်ပိုင်းတွေမှာ ပိုမိုပြင်းထန်လာနေတာပါ။ လက်ရှိ မိုးမောက်ဒေသတိုက်ပွဲအခြေအနေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ဒီ ၃- ၄ ရက်အတွင်းမှာလည်း သူတို့ကတော့ ပိုပြီးမှ လေကြောင်းတွေသုံးတာပေါ့နော်။ ဒရုန်းတွေ သုံးတာတွေ၊ တင့်ကားတွေ သုံးတာတွေ ပိုပြီးတော့ များလာတယ်။ လေကြောင်းနဲ့ကတော့ တနေ့ကို ဂျက်ဖိုက်တာ ၂စီးနဲ့ ၃- ၄ကြိမ် လောက်လာတာရှိတယ်။ ဒီမနက်ကတော့ ၅နာရီ မိုး မလင်းတလင်း အချိန်မှာပေါ့နော်၊ ၂ခေါက်လာပြီး ဗုံးကြဲတာ ဒါမျိုးတွေရှိတယ်။ ဒရုန်းကတော့ တနေ့ကို ၁၀ကြိမ်၊ ၁၅ကြိမ်ပေါ့။ လက်နက်ကြီး မျိုးစုံတွေနဲ့ ပစ်တာကတော့ တနေ့ကိုတော့ အကြိမ်ပေါင်း ၅၀၊ ၇၀ ကျော်လောက် ပစ်ကြတယ်။ နောက် တင့်ကားကတော့ အနည်းဆုံး ၂စီးတက်ပြီးမှ ထိုးလာတာရှိတယ်။ ”

စစ်ကောင်စီဘက်က ဗန်းမော်ကနေ စစ်ကြောင်း ထိုးတိုက်ခိုက်လာတာတွေ ရှိပေမဲ့ ဒီကနေ့အထိတော့ KIA နဲ့ ပူးပေါင်းတပ်တွေက ဟန့်တားထားဆဲရှိကြောင်း ပြောပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ ၇ ရက်နေ့က မြစ်ကြီးနား-ဗန်းမော်ကားလမ်းတကြောမှာ စစ်ဆင်ရေး စတင်ခဲ့ပြီး မိုးမောက်မြို့နဲ့ ဗန်းမော်မြို့ လုံခြုံရေးအတွက် အဓိကကျတဲ့ ခမရ ၄၃၇ကို သြဂုတ်လ ၁၉ရက်နေ့မှာ သိမ်းယူခဲ့တာပါ။

SEE ALSO: မိုးမောက် အခြေစိုက် စစ်ကောင်စီစခန်း KIA သိမ်းပိုက် 

အဲဒီနောက်မှာတော့ မိုးမောက်နဲ့ ဗန်းမော်အကြား ၇မိုင်မှာ နေ့စဉ်လို တိုက်ပွဲတွေဖြစ်နေကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

တချိန်တည်းမှာတော့ ဖားကန့်မြို့ ဆိုင်းတောင်ရှိ Lucky Man ဟိုတယ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေကြောင်း ပြောပါတယ်။

“Lucky Man ဟိုတယ်မှာ ရောက်ရှိနေတဲ့ စစ်ကြောင်းတွေ အယောက် ၅၀လောက်ရှိတယ်။ အဲဒါ မထွက်တဲ့ ကိစ္စပါ။ သူတို့လည်း ထွက်သွားဖို့လည်း ညှိနှိုင်းတာလည်း မရှိဘူး။ သူတို့ အဲဒီမှာပဲ ရှိနေတယ်။ ဒါကြောင့် ကျနော်တို့လည်း ဝိုင်းထားတယ်။ တိုက်ပွဲကတော့ သူတို့ နည်းနည်း ထွက်လာတာနဲ့တော့ တိုက်ပွဲဖြစ်တာပေါ့။”

ဟိုတယ်မှာရောက်နေတဲ့ စစ်ကြောင်းတွေကို ပစ်ကူတဲ့သဘောနဲ့ စစ်ကောင်စီရဲ့ ဖားကန့်ဗျူဟာကုန်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိသလို လေကြောင်းက တိုက်ခိုက်တာတွေလည်း ရှိနေကြောင်း ပြောပါတယ်။ လောလောဆယ်မှာတော့ ဆိုင်းတောင်နဲ့အနီးအနားကျေးရွာတွေအပြင် ဖားကန့်မြို့ပေါ်က ဒေသခံတွေပါ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။

ကချင်ပြည်နယ် မိုးမောက်နဲ့ ဖားကန့်မှာ စစ်ရေးပဋိပက္ခတွေ မြင့်တက်နေချိန်မှာပဲ MNDAA ကိုးကန့်တပ်က ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ဒီကနေ့ မနက်အစောပိုင်းက စစ်ကောင်စီက လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ ပါတယ်။ လားရှိုးမြို့ခံတဦးက AT တပ်ဦးကျောင်းနဲ့ နည်းပညာအထက်တန်းကျောင်းမှာ ဗုံး ၂လုံးကျခဲ့ကြောင်း အခုလို ပြောပါတယ်။

“၂နာရီအကျော်လောက်မှာ အကို။ AT တံတားနားလေးက တပ်ဦးကျောင်း ဘုန်းကြီးကျောင်းမှာ တလုံး ထိတယ်။ ပြီးရင် အဲဒီအကျော်နားလေးက GTI အဟောင်းမှာ တလုံးကျတယ်။ ၂လုံးပဲ။ အထိအခိုက်တော့ မရှိဘူး။”

ဒါဟာ လားရှိုးမြို့ကို ၆ကြိမ်မြောက် လေကြောင်းက တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။

ဒီလ ၂၄ရက်နေ့ မနက်က လားရှိုးမြို့ကို လေကြောင်းက ၂ကြိမ်၊ ဗုံး ၄လုံးကြဲချခဲ့ရာမှာ အမျိုးသမီးတဦး သေဆုံးပြီး လူ ၁၅ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့သလို ဒီလ ၉ရက်နေ့ ကလည်း လူ တဦးသေဆုံးပြီး ၁၀ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာသလို အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတာကြောင့် နိုင်ငံတကာက စစ်ကောင်စီကို လေယာဉ်ဆီ တင်ပို့တာတွေ ရပ်ဆိုင်းဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။

Your browser doesn’t support HTML5

ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်