အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း ဒေသတွေမှာ ခြောက်သွေ့ပြီး လေပြင်းတိုက်ခတ်မယ်လို့ မိုးလေဝသ ကျွမ်းကျင်သူတွေ ခန့်မှန်းထားပြီး တောမီးလောင်မှု ပိုဆိုးလာနိုင်တာကြောင့် မီးသတ်သမားတွေက ဒီကနေ့ အင်္ဂါနေ့မှာ ပစ္စည်းကိရိယာတွေ အဆင်သင့် ပြင်ဆင်နေကြပါတယ်။
ဒီကနေ့ မွန်းမတည့်ခင်မှာ Los Angeles မြို့လယ်ခေါင်ကို လေတိုက်နှုန်း တနာရီ ၁၆၀ ကီလိုမီတာလောက်နဲ့ ဖြတ်ပြီး တိုက်ခိုက်နိုင်တာကြောင့် အထူး စိုးရိမ်ရတဲ့အချိန်ကာလတခုကို ဖြတ်သန်းရမယ်လို့ အမျိုးသားမိုးလေဝသဌာနက သတိပေးထားပါတယ်။
မြိုတော်ဝန် Karen Bass ကလည်း လူတိုင်း သတိနဲ့နေကြဖို့ မနေ့ တနင်္လာနေ့က သတိပေးထားပါတယ်။
ကယ်လီဖိုးနီးယား မီးသတ်တပ်ဖွဲ့အနေနဲ့လည်း ဗဟိုအစိုးရ၊ ဌာနေတိုင်းရင်းသားတွေနဲ့ တခြား ပြည်နယ်တွေက မီးသတ်တပ်ဖွဲ့တွေပါဝင်တဲ့ အင်အား ၂,၅၀၀ လောက်နဲ့ အဆင်သင့်ပြင်ထားပြီး ဖြစ်လာနိုင်တဲ့အခြေအနေတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ရှိကြောင်း က မီးသတ်တပ်ဖွဲ့အကြီးအကဲက မနေ့ တနင်္လာနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
Santa Ana ဘက်က တိုက်ခတ်လာတဲ့ ခြောက်သွေ့တဲ့ လေတွေကြောင့် Los Angeles မြို့အနီးတဝိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း တောမီးတွေ လောင်ကျွမ်းခဲ့တာကြောင့် အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ပြီးဖြစ်ပြီး လူနေအိမ် အများအပြားလည်း ပျက်ဆီး ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကယ်လီဖိုးနီးယားတောမီး ဆက်လက် လောင်ကျွမ်းမယ့် အန္တရာယ် တာဝန်ရှိသူတွေ သတိပေး