တာချီလိတ်မှာ ဒီလအတွင်း ၅ ကြိမ်မြောက် ရေကြီး

တာချီလိတ်မြို့ရေကြီးနေစဉ် (ဩဂုတ် ၁၈၊ ၂၀၂၄)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က ရပ်ကွက်တချို့မှာ ဒီကနေ့ ရေကြီးနေပြီး၊ ဒီတလထဲမှာ ရေကြီး ရေလျှံဖြစ်တာ ၅ကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် အနိမ့်ပိုင်းရပ်ကွက်တွေမှာ တောင်ကျရေနဲ့ ချောင်းရေပေါင်းပြီး ရေကြီးနေတာလို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြပေးမှာပါ။

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့မှာ ဩဂုတ်လ ၂၂ရက်၊ ဒီကနေ့ မနက်အစောပိုင်းကတည်းက ရေစတက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ်လထဲမှာ ရေကြီးတာ အခုတခါနဲ့ဆို ၅ကြိမ်ရှိလာပြီး၊ ရေတခါတက်ရင် ၂ရက်၊ ၃ရက်လောက် ကြာတယ်လို့ ပြောပါတယ်။

မနေ့က မိုးရွာသွန်းတဲ့အရှိန်ကြောင့် တောင်ကျရေနဲ့ ချောင်းရေပေါင်းပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးနေတာလို့ ရေဘေးသင့်နေသူတဦးက ပြောပါတယ်။

"မနက် ၅နာရီခွဲ၊ ၆နာရီလောက်က စဖြစ်တာ။ တောင်ကျရေဘက်ကနေ အရင်စကြီးတာပေါ့။ ညီမတို့ဘက်မှာ ရေကြီးတာက ၂မျိုးရှိတယ်။ ထိုင်းနဲ့ မြန်မာကြားထဲက မယ်ဆိုင်ချောင်းရေတက်လို့ ကြီးတာလည်းရှိတယ်။ နောက်တခုကကျတော့ တောင်ကျရေပေါ့နော်။ အဲဒီ တောင်ကျရေကနေ ကြီးတာလည်းရှိတယ်။ ထိုင်းနဲ့ မြန်မာကြားထဲက ချောင်းရေတက်လို့ ရေကြီးတာကျတော့ တာလော့ရပ်ကွက်ဘက်တို့ ဘာတို့ကြီးတယ်။ တကယ်လို့ တောင်ကျရေဆိုရင်တော့ ဘုရင့်နောင်ဘက်ကနေလာတဲ့ ချောင်းရှိတာပေါ့နော်။ အဲဒီဘက်ကနေ အရင်တောင်ကျရေ လာပြီးတော့ကြီးတာ။ အခု ဒီမနက်ကတော့ တောင်ကျရေကနေ စကြီးတာပေါ့။ တောင်ကျရေ အရင်ကျလာပြီး စျေးဘက်ကကျတော့ အမြင့်ခြမ်းဆိုတော့လေ၊ အဲဒီဘက်ကရေက စီးလာပြီးတော့ ဒီဘက်တာလော့ဘက်ကို ရောက်လာတာပေါ့။ အဲဒီအချိန်မှာ မယ်ဆိုင်ချောင်းရေကလည်း တက်လာတော့ ညီမတို့က တောင်ကျရေရော၊ မိုးရွာလို့ ချောင်းရေတက်တာရော နှစ်ဖက်လုံးဆုံပြီး ကြီးသွားတာပေါ့နော်။"

တောင်ကျရေကျတဲ့ ရပ်ကွက်တွေဘက်မှာ မနက်ကတည်းက ရေပြန်ကျသွားပြီး၊ အနိမ့်ပိုင်း ရပ်ကွက်တွေမှာတော့ ညနေ ၄ နာရီကျော်လာချိန်အထိ ရေပြန်မကျသေးဘူးလို့ ပြောပါတယ်။ ဒီကနေ့ မိုးထပ်ရွာမယ်ဆိုရင် ရေထပ်တက်လာနိုင်တယ်လို့ ပြောပါတယ်။

"အခုဒါနဲ့ဆို ရေကြီးတာက ၅ခါပေါ့။ ဒီမတိုင်ခင် လွန်ခဲ့တဲ့ ၃ရက်က ကြီးတဲ့ဟာကတော့ အများဆုံးကြီးတာပေါ့။ အခုတခေါက်ကတော့ အဲလောက်တော့ မများဘူးပေါ့။ ဒါပေမဲ့ ရှေ့ကြီးခဲ့တဲ့ ၃ခါထက်တော့ များတယ်။ ရေက အခုလောလောဆယ်ကတော့ ရပ်နေတာပေါ့နော်။ ကျလည်းမသွားဘူး၊ ထပ်လည်းမတက်လာဘူး။ ညကျရင်တော့ တကယ်လို့ မိုးရွာတာတို့၊ တောင်ကျရေတို့ ရှိတာဆိုရင်တော့ ထပ်တက်နိုင်တယ်။ အခုလောလောဆယ်တော့ ရေက ရပ်တော့နေတယ်၊ ကျတော့ မသွားဘူး။"

တာချီလိတ်မြို့မှာ အခုဩဂုတ်လထဲ မိုးရွာသွန်းတာနဲ့ မြေနိမ့်ပိုင်းအပါအဝင် ချောင်းနဲ့နီးတဲ့ ရပ်ကွက်တွေမှာ ရေကြီးတာက တဆက်တည်း ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချို့ရပ်ကွက်တွေမှာတော့ ရေတက်တာမျိုး မကြုံရဘူးလို့ ဒေသခံနောက်တဦးက ပြောပါတယ်။

"ကျနော်တို့နေတဲ့ နေရာကတော့ မကြီးဘူးဗျ။ အခုတာချီလိတ်က အဓိကရေတက်တဲ့ အပိုင်းကကျတော့ ယိုးဒယား - မြန်မာနယ်စပ် ချောင်းနဲ့နီးတဲ့ ဘက်ခြမ်းတွေက ပိုပြီးဖြစ်တာ။ ကျန်တဲ့နေရာတွေက မဖြစ်ဘူးဗျ။ အခုဖြစ်တဲ့ နေရာဆိုလို့ရှိရင် တာချီလိတ်မြို့မှာ တံတား ၁၊ တံတား ၂ ရှိတယ်။ တံတား ၂ ကနေပြီးတော့မှ ပြောမယ်ဆိုရင် မြန်မာပြည်ဘက်ခြမ်းပေါ့ မဖြစ်ဘူး။ တံတား ၂ ကနေပြီးတော့မှ ၁ အထိ ချောင်းနဲ့နီးတဲ့ ဘက်အခြမ်းတွေအကုန် ဖြစ်တယ်ဗျ။"

နေအိမ်တွေထဲအထိ ရေဝင်နေလို့ ချက်ပြုတ်စားသောက်ဖို့နဲ့ အစားအသောက်ဝယ်ယူဖို့ အခက်တွေ့နေပြီး၊ ရေဘေးသင့်သူတွေကို ပရဟိတအဖွဲ့တွေက ထမင်းဗူးပေးဝေတာတွေ ရှိပါတယ်။ တာချီလိတ်မှာ မိုးရွာတာနဲ့ ရေကြီးရေလျှံတဲ့ဒဏ်ကို အခုလထဲမှာ ခပ်စိပ်စိပ် ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Your browser doesn’t support HTML5

တာချီလိတ်မှာ ဒီလအတွင်း ၅ ကြိမ်မြောက် ရေကြီး