သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတဝန်း ရေကြီးမှုတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်


ပဲခူးမြို့တွင်း ရေကြီးရေလျှံခဲ့ (ဇူလိုင် ၂၀၂၄)
ပဲခူးမြို့တွင်း ရေကြီးရေလျှံခဲ့ (ဇူလိုင် ၂၀၂၄)

မြန်မာနိုင်ငံမှာ အခုနှစ်ရေကြီးတာက မနှစ်က ၂၀၂၃ လောက် မများပေမဲ့ ရေကြီးတဲ့အချိန်ကာလ တလနီးပါး ကြာမြင့်လာတာကြောင့် စိုက်ပျိုး၊ မွေးမြူရေးမှာ ဆုံးရှုံးမှုတွေရှိပြီး နေရာရွှေ့ပြောင်းရတာတွေလည်း အများအပြား ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်းမှာ အခုနှစ်အတွင်း အချိန်စောပြီး မိုးများ ရေကြီးမှုတွေ ဖြစ်ခဲ့တာကြောင့် မိုးလယ်ကာလရွာတဲ့မိုးနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ပေါင်းစည်းပြီး နေရာအနှံမှာ ရေကြီးမှုတွေ စတင်ခဲ့တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ရေကြီးရေလျှံမှုက မနှစ်ကလောက် ပမာဏမများပေမဲ့ ဇူလိုင်လ တလလုံးနီးပါး ရေမကျတာကြောင့် လယ်ယာ စိုက်ပျိုးရေးနဲ့ ငါးမွေးမြူရေး လုပ်ငန်းတွေမှာ ဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့ တချို့က တွက်ဆထားကြပါတယ်။

ဇူလိုင်လ အစောပိုင်းမှာ ချင်းတွင်းနဲ့ ဧရာဝတီမြစ်ဖျားကစတဲ့ ပထမရေကြီးကာလက မပြီးသေးဘူးလို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

မြန်မာ့ပင်လယ်ဘက်မှာ ထူးခြားတဲ့ မိုးလေဝသ အခြေအနေက မရှိသေးပေမဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ အနောက် ဘင်္ဂလားဒေ့ရှ် ပြည်နယ်ဘက်မှာ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းက ရှိနေသေးကြောင်း ပြောပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်းက ရွှေ့လျားနေတဲ့အတွက် အနောက်တောင်မုတ်သုန်လေက ဆက်ပြီး အားကောင်းနေဦးမယ်လို့ မိုးလေဝသဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်တဲ့ ဦးဝင်းနိုင်က ဗွီအိုအေကို ပြောပါတယ်။

" သူဖြစ်တဲ့အတွက်လည်း လက်ဝဲရစ် လေစီးကြောင်းက အနောက်တောင်မုတ်သုန်လေ ဆက်ပြီးအားကောင်းမယ်၊ အားအလွန်ကောင်းမယ်၊ ဒါတွေ ဆက်ပြီးတော့ဖြစ်မယ်။ နောက် မိုးရာသီ မိုးတွင်းကာလလည်း ဖြစ်တဲ့အတွက် မိုးကလည်း ဆက်ပြီး များနေဦးမယ်ပေါ့။ အဲဒီတော့ ဩဂုတ် ၈ရက် ကျော်ပြီးမှပေါ့ ပင်လယ်ဒီရေတက်တဲ့ ရက်ကလည်း ၈ရက်၊ ၉ရက်အထိ ရှိနေမယ်၊ အဲဒီရက်ကျော်ပြီးမှ အောက်မြန်မာပြည်ကရေတွေက ပင်လယ်ထဲကို ကောင်းကောင်း စီးသွားနိုင်မယ်၊ ရေကျတာ မြန်လာနိုင်မယ်။ ပထမရေကြီးကာလလည်း အဲဒီလောက်တော့မှ ပြီးမယ်လို့မှန်တယ်။ မိုးဆက်ပြီး မများရင်ပေါ့။"

များသောအားဖြင့် မိုးနှောင်းကာလ ၉လပိုင်းရောက်မှ အောက်ဘက်ဆင်းလာတဲ့ မြစ်ရေနဲ့ အောက်ပိုင်းက မိုးများချိန်နဲ့ စုဆုံပြီး ရေကြီးမှုတွေ ဖြစ်ခဲ့တာပါ။ ဒီနှစ်တော့ အထက်ပိုင်းမှာ မိုးကြီး၊ ရေလျှံတာတွေ စောစောစီးစီး ဖြစ်ခဲ့ပြီး ဆင်းလာတဲ့ရေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက မိုးများ၊ ရေလျှံချိန်နဲ့ တိုက်ဆိုင်ပြီး မြစ်ရေကြီးလာကြောင်း ဦးဝင်းနိုင်က ပြောပါတယ်။

" ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ မိုးများတဲ့အတွက် အဲဒီက ရေကြီးတယ်၊ စိုးရိမ်ရေမှတ်တွေကို တော်တော်လေးကျော်တယ်။ ၂၀၀၄ ခုနှစ်က စံချိန်တွေအထိ ရောက်တယ်။ အဲဒီရေပမာဏက တဖြည်းဖြည်း အောက်ကိုဆင်းလာတယ်။ ဆင်းလာပြီး အလယ်ပိုင်းလောက် ရောက်တဲ့အချိန်မှာ မိုးတွေများလာတယ်။ အကုန်ဆက်တိုက် မြန်မာပြည် အောက်ပိုင်းအထိ ဆက်ဖြစ်တာတွေ ဖြစ်လာတယ်။ နောက်ပြီး ပဲခူးမြစ်ရဲ့ အထက်ပိုင်း၊ စစ်တောင်းမြစ်ရဲ့ အထက်ပိုင်း ရွှေကျင်၊ မဒေါက်၊ ညောင်လေးပင်ဘက်ပေါ့နော်၊ တောင်ငူ လောက်ကနေစပြီးတော့ မိုးများလာတယ်၊ များလာပြီး သံလွင်ဘက်မှာလည်း မိုးများလာတယ်။ ကရင်ပြည်နယ် မွန်ပြည်နယ် ဒီနေရာတွေမှာပါ မိုးကြီး၊ ရေကြီးတဲ့ အခြေအနေက ဆက်ပြီး ဖြစ်လာတယ်။"

မြန်မာနိုင်ငံအလယ်ပိုင်းက ရေခံရှိနေပြီး၊ အထက်ပိုင်းမြစ်ကြီးနားဘက်မှာ မိုးများတယ်ဆိုရင် ဩဂုတ်လကုန်လောက်မှာ ဒုတိယ ရေကြီးကာလ ဖြစ်လာနိုင်တယ်လို့ သူကပြောပါတယ်။ ဇူလိုင်တလုံး မြန်မာတနိုင်ငံလုံး မိုးကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် တိုင်းနဲ့ပြည်နယ် ၁၀ခုမှာ လူဦးရေ ၂သိန်းနီးပါး နေရာရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ရတယ်လို့ ပြည်တွင်းသတင်းတွေက ရေးသားကြပါတယ်။

၂၀၂၃-၂၄ ခုနှစ်ကာလမှာ ရေကြီးတဲ့အကြိမ်ပေါင်း (၁၄၄) ကြိမ်ရှိခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်း ထုတ်ပြန်ထားပါတယ်။ တနင်္သာရီမြစ်ရေက လက်ရှိမှာ စိုးရိမ်ရေအမှတ်ထက် ၇ပေကျော်ပြီး ရောက်ရှိနေတာကြောင့် အိမ်ခြေ ၈၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းထားတယ်လို့ ထုတ်ပြန်ထားတာပါ။ စစ်တောင်းမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၅ပေ၊ ရွှေကျင်မြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၁ ပေ၊ ပဲခူးမြစ်ရေက ၂ ပေ၊ သံလွင်မြစ်ရေက ၄ ပေ၊ ဧရာဝတီတိုင်း ငဝန်မြစ်ရေက ၁ ပေ ဒီလို စိုးရိမ်ရေအမှတ်အထက်ကို အသီသီး ကျော်လွန်နေကြတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG