သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ရေဘေးသင့်သူ ၂ သိန်းခန့်ရှိ - WFP


မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံခဲ့ (ဇူလိုင် ၂၀၂၄)
မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံခဲ့ (ဇူလိုင် ၂၀၂၄)

မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်း ၅ ခုက သိန်းနဲ့ချီတဲ့ ရေဘေးသင့်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ စားနပ်ရိက္ခာ အကူအညီတွေပေးနေကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောလိုက်ပါတယ်။

ဇွန်လနှောင်းပိုင်းကနေ စတင်ပြီး မုတ်သုံမိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လာပြီး လူပေါင်း ၂ သိန်း ကျော် ထိခိုက်ခဲ့ကာ လူအများအပြားကတော့ ယာယီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း ဒီနေ့ပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေရောက်နေတဲ့ ဒီလိုအချိန်မှာပဲ ရေဘေးနဲ့ ကြုံရတာလို့လည်း WFP ရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် Paolo Mattei ကပြောပါတယ်။ ကောင်းကင်ဂြိုဟ်တုက ရရှိတဲ့ အချက်အလက်တွေအရ ဩဂုတ်လ ၆ ရက်နေ့အထိ ရေဘေးအန္တရာယ်ရှိတဲ့ ဒေသတွေမှာ ခန့်မှန်းခြေ လူပေါင်း ၈ သိန်းခွဲကျော် နေထိုင်နေတယ်လို့လည်း ပြောပါတယ်။

ကချင်နဲ့ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ရေဘေးအန္တရာယ် ကြုံနေရသူ ၁ သိန်း ၂ သောင်းကို ကူညီကယ်ဆယ်ပေးခဲ့ပြီး ငွေသား၊ ဆန်၊ အထူးစီမံထားတဲ့ အစားအစာတွေကိုလည်း ထောက်ပံ့ကူညီပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံအနှံ့အပြားမှာ ရေဘေးအန္တရာယ်ကို ဆက်လက်စောင့်ကြည့်နေပြီး လိုအပ်လာပါက ရေဘေးတုံ့ပြန်ရေးအစီအစဉ်တွေကို ထပ်မံတိုးချဲ့သွားဖို့ရှိတယ်လို့လည်း WFP ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG