ရေဘေးကြောင့် လူ၁၁ဦးထက် မနည်းသေဆုံးပြီး တသိန်းကျော်အိုးအိမ်မဲ့

ကရင်ပြည်နယ် တွင်း ရေကြီးရေလျှံမှုဖြစ်ပွားစဉ် ( ဇူလိုင် ၂၉-၂၀၁၈) သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန

မြန်မာနိုင်ငံတဝှမ်း ဒီရက်ပိုင်းအတွင်းမှာ မုတ်သုံမိုး ဆက်လက်အားကောင်းနေပြီး မိုးသက်လေပြင်းတွေ ကျရောက် နေတာကြောင့်၊ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အတွင်းမှာ မြစ်ရေတက် ရေကြီးမှုတွေဆက်ဖြစ်နေ ပြီး လမ်းပမ်း ဆက်သွယ်မှုပြတ်တောက်တာတွေ အိုးအိမ်အဆောက်အဦး နှစ်မြုပ်မှုတွေ ရှိနေပါတယ်။ ရေဘေးကြောင့် ပြည်နယ်နဲ့ တိုင်းငါးခုမှာ ဒေသခံ တသိန်းကျော် ဘေးလွတ်ရာ ခိုလှုံနေရပြီး၊ သေဆုံးအရေအတွက်ကတော့ ၁၁ ဦးထက်မနည်း ရှိသွားပါပြီ။ ပျောက်ဆုံးသူအတော်များများလည်းရှိနေပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန် စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာရေကြီးမှုဖြစ်ပွါးပြီးရေဘေးဒုက္ခသည်တွေအပြင် လူသေဆုံးမှု အထိဖြစ်ပွါးလာနေခဲ့ တာပါ။

မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာ ရေကြီးမှုဒဏ်ကိုဆိုးရွားစွာခံနေရသလို ရေကြီးမှုကြောင့် ရန်ကုန် ဘီလင်း မော်လ မြိုင် မော်တော်ကားလမ်းပိတ်ထားရလို့ ကုန်စည်နဲ့သွားလာရေး ပြတ်တောက်နေတယ်လို့ သွားရောက်ကူညီပေး နေတဲ့ မွန်ပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်အသင်းအတွင်းရေးမှူး မင်းဗညားစန်းကအခုလိုပြောပါတယ်။

"အဓိကမြစ်ရေလျှံလာတာပေါ့နော်။ ဒီဘီလင်းအတွင်းဘက်ကရွာတွေအကုန်လုံးရေမြုတ်တယ်။ ရေကအကုန်လုံး ခေါင်မိုးထိဘဲမြုတ်တယ်။ နောက်ဘီးလင်းမြို့အတွင်းပိုင်းမှာလဲ တော်တော်များများကအကုန်ရေမြုတ်တယ်။ ရေမြုတ် တဲ့အတွက် ဒီလူတွေကသွားလို့လဲမရ လာလို့လဲမရ အဓိကက အစားအသောက်နေဖို့ထိုင်ဖို့အခက်ခဲ တွေရှိတာ ပေါ့။ အခုကကားတွေမပေးသွားဘူးလေ။ အကုန်လုံးရပ်ထားတယ်။ အဲဒီမှာရှိတဲ့မော်တော်နဲ့နဲနဲပါးပါးကူးတာလဲ အဲတာလဲ ပရဟိတလုပ်တဲ့လူတွေ များတယ်။ ခရီးသည်တွေမပေးကူးဘူး။ ဘာလဲဆိုတော့ ရေကအန္တရာယ်ကြီးတာ။ ဒါပေမဲ့ နဲနဲပါးပါးတော့ကူးလို့ရတယ်။ ဒီမော်လမြိုင်ရန်ကုန်လိုင်းတော့ပိတ်ထားတယ်ပေါ့နော်။ အခုလေယာဉ်တော့ လုပ်ပေး နေတယ်။ အရေးကြီးတယ်ဆိုလေယာဉ်နဲ့သွားပေါ့။ ကုန်စီးဆင်းမှုကတော့မရှိသလောက်ဖြစ်တယ်။ လက်ရှိကတော့ ကုန်ဈေးနှုန်းကတော့ ရေကြီးတယ်ဆိုတော့နဲနဲတော့တက်မှာပေါ့။"

လက်ရှိဘီလင်းမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့အခြေအနေကိုတော့ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးကအခုလိုပြောပါတယ်။

"လောလောဆယ် ဒီနေ့မနက်(၈)နာရီအထိကျွန်တော်တို့စာရင်းအရဆိုလို့ရှိရင် ရေဘေးရှောင်စခမ်း(၄၃)ခုရှိတယ်။ ရေဘေးရှောင်စခမ်းမှာ လက်ရှိနေထိုင်တဲ့တဲ့ပြည်သူ (၁၂၃၀၃)ဦးရှိတယ်။ အဲဒီလူတွေကိုကျွန်တော်တို့ထောက်ပံ့ ပစ္စည်း တွေအချိန်နဲ့တပြေးညီရောက်အောင်အဖွဲ့အစည်းပေါင်းစုံ ပေါင်းစပ်ပြီးတော့ပို့ပေးနေပါတယ်။ ဘီလင်းမြစ် အထက်ပိုင်းလိုနေရာမျိုးတွေ စားဖို့အတွက်နဲနဲလေးအခက်ခဲရှိပေမဲ့ အခုဆိုရင်တော့လိုအပ်တဲ့ပစ္စည်းတွေအကုန်လုံး ဒီမနက်မှာရောက်အောင်အို့ပေးလိုက်နိုင်ပါပြီး။"

ဘီလင်းမြို့နယ်အတွင်းရေကြီးလေပြင်းတိုက်မှုကြောင့် လူသေဆုံးထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှုအခြေအနေ ကို တော့ ဘီးလင်းမြို့လူမှုအဖွဲ့အစည်းရဲ့ညှိနှိုင်းရေးမှူးဒေါ်အေးမာကအခုလိုပြောပါတယ်။

"ထိခိုက်သေဆုံးမှုက ပထမဦးဆုံးကယ်ဆယ်ရေးလုပ်တဲ့တပ်မတော်သား(၃)ဦးပါ။ အခုလက်ရှိနတ်ကြီးဘက်အခြမ်းက အယောက်(၂၀)ပျောက်ဆုံးနေတယ်လို့ကြားပါတယ်။ ဒီမနက်ပိုင်းမှသတင်းထွက်လာတာပါ။ အိမ်တွေကမြုတ်တယ်။ ပျက်စီးတယ်။ လေဘေးနဲ့ဖြစ်သွားတဲ့အိမ်ပျက်စီးမှုက ဝင်းကမှာက လေဘေးနဲ့အိမ်(၃၀)က (၅)အိမ်ကတော့လုံး၀ ပျက်သွားတယ်။ (၇)အိမ်ကတော့ပြိုတယ်။ (၁၇)အိမ်ကတော့အမိုးလန်တယ်။ လိပ်ခုံးမှာကတော့(၇)အိမ်လောက် လားမသိ လေထဲပါတယ်။ အိမ်တွေရဲ့ပျက်စီးမှုကတော့ အခုချိန်မှာတော့ တိတိကျကျမသိနိုင်ဘူးပြောရမယ်။"

ဘီလင်းမြို့ဒုက္ခသည်စခမ်းမှာ လိုအပ်တဲ့အကူညီရနေပေမဲ့ ဝေးလံခေါင်ပါးတဲ့ကျေးရွာတွေမှာ အကူညီမရောက် တာရှိနေသလို အခက်ခဲတွေရှိနေတယ်လို့လဲ ဒေါ်အေးမာကပြောပါတယ်။

မွန်ပြည်နယ်အတွင်း ကျိုက်မရောမြို့နယ် ရေးမြို့နယ်ဘက်မှာရေကြီးမှုဖြစ်ပွါးခဲ့ပြီး ရေဘေးဒုက္ခသည်ထောင်ချီရှိနေ သလို ပေါင်မြို့နယ်ဘက်မှာ လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ(၃၀)ဝန်းကျင်ပျက်စီးမှုဖြစ်ပွါးခဲ့ပါတယ်။

သထုံမြို့နယ်အတွင်းမှာလဲ မိုးအဆက်မပြတ်ရွာသွန်းနေမှုများကြောင့် ဇူလိုင်လ ၂၉ ရက်နေ့အထိ ရေဘေး ကယ်ဆယ်ရေးစခန်း လေးခုမှာ လူဦးရေ ၉၁၀ ဦး လာရောက် ခိုလှုံနေကြရပါတယ်။

ဇူလိုင်လ(၂၆)ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှု တောင်ကျရေစီးဆင်းလာမှု ပင်လယ်ရေဒီရေတက် လာမှုတွေနဲ့ကြုံကြိုက်လာတာကြောင့် အနှစ်(၅၀)ကျော်အတွင်းရေကြီးမှုတွေဖြစ်ပွါးနေတာပါ။

အလားတူကရင်ပြည်နယ်ဘက်မှာလဲ ရေကြီးမှုကြောင့်မြို့နယ်(၆)မြို့နယ်က ဒေသခံပြည်သူတွေရေဘေး တိမ်းရှောင်နေရတာပါ။

ကရင်ပြည်နယ်အတွင်းရေကြီးမှုကြောင့် ကြုံတွေ့ရတဲ့အခြေအနေကိုတော့ ကရင်ပြည်နယ် သာသနာရေး ဝန်ကြီး ဦးမင်းတင်ဝင်းကအခုလိုပြောပါတယ်။

"ဒီနေ့(၂)လက်မလောက်ကျသွားတယ်ဆိုပေမဲ့လဲ မြို့ပေါ်မှာရှိတဲ့ရေတွေ ဒီအတိုင်းဒီအတိုင်းဘဲ အဲဒီလိုဘဲဖြစ်နေတာ ပေါ့နော်။ ရေဘေးကယ်ဆယ်ရေးစခမ်းက(၁၈)ခုရှိတယ်။ လူဦးရေက(၁၃၂၀၀)ကျော်လောက်ရှိတယ်။ လှိုင်းဘွဲ ကောကရိတ် ဖါးပွန် ကြာအင်းဆိပ်ကြီး ရှိနေတုန်းဘဲရေ ရေဘေးကယ်ဆယ်ရေးစခမ်းတွေ။ ကျွန်တော်ထင်တယ် လူဦးရေက အနဲဆုံးကတော့(၃)သောင်းအကျော်လောက်ရှိမယ်ထင်တယ်။ ကျွန်တော်တို့ကရင်ပြည်နယ် (၇)မြို့နယ် ရှိတဲ့နေရာမှာ (၆)မြို့နယ်ကရေဖုံးနေတာကိုး။ လူသေဆုံးမှုကတော့ မနေ့ကအထိ (၅)ယောက်(၆)ယောက်လောက် ရှိမယ် ရေနစ်သေတွေပေါ့။ အိုးအိမ်ပျက်စီးမှုကတော့တလုံး နှစ်လုံးလောက်ပါဘဲ။"

ကရင်ပြည်နယ်၊ ဖါးအံမြို့ပေါ်မှာ ရေဘေးကယ်ဆယ်ရေးစခမ်း (၁၈)ခုဖွင့်လှစ်ထားရပါတယ်။

ဖာပွန်မြို့နယ်အတွင်း မိုးပြန်လည် ရွာသွန်းမှုနှင့်အတူ သံလွင်မြစ်ရေ ယွန်းစလင်းချောင်းအထိ တက်လာတာ ကြောင့် ရေကြီးမှုဖြစ်ပွါးခဲ့လို့ ရေဘေးရှောင်စခန်း (၁၀)ခု ဖွင့်လှစ်ထားရှိပြီး ရေဘေးရှောင် စုစုပေါင်း အိမ်ထောင်စု (၂၉၆)စု လူဦးရေ (၁၃၄၁)ဦးရှိနေပါတယ်။

ဒီရက်ပိုင်းရေကြီးမှုအတွင်း မွန်ပြည်နယ်ဘက်မှာကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့တပ်မတော်သား(၃)ဦး သေဆုံးပြီး ကရင်ပြည်နယ်ဘက်မှာတော့ (၆)ဦး ရေနစ်သေဆုံးခဲ့တာကြောင့် (၉)ဦးထက်မနဲသေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာပြည်နယ်တာဝန်ရှိသူတွေကအတည်ပြုပြောဆိုခဲ့ပါတယ်။

မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အတွင်ရေကြီးမှုကြောင့် ရေဘေးဒုက္ခသည်တွေကို လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာပြည်နယ်အစိုးရတို့ကနေ အချိန်နဲ့တပြေးညီအကူညီပေးဆောင်နေ တယ်လို့ ဝန်ကြီးဦးမင်တင်ဝင်းကပြောပါတယ်။

ဒီရက်ပိုင်းရေကြီးမှုအတွင်း တိုင်းနဲ့ပြည်နယ်(၅)ခုမှာ ရေဘေးဒုက္ခသည်သိန်းချီရှိနေပြီး လူ(၁၁)ဦးထက်မနဲ သေ ဆုံးခဲ့တယ်လို့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိန်း ကအခုလိုပြောပါတယ်။

"ဒီနေ့အထိပေါ့နော်။ ဒီနေ့နေ့လည်အထိကတော့ ကျွန်တာ်တို့အကြမ်းဖျင်းတသိန်းနှစ်သောင်းဝန်းကျင်ဖြစ်သွားပြီး။ သေဆုံးဦးရေက(၁၁)ဦးရှိသွားပြီးခင်ဗျ။ လက်ရှိမှာပြည်နယ်တိုင်း(၁၅)ခုမှာဆက်ရှိနေသေးတယ်။ ကရင်ရယ် မွန်ရယ် တနင်္သာရီ ပဲခူး မကွေး ဒီဒေသတွေမှာ ရေဘေးရှောင်စခမ်းတွေဆက်ရှိနေသေးတယ်။ လက်ရှိအထိရွှေ့ပြောင်း စခမ်း ပေါင်း(၂၈၈)ခုကနေပြီးတော့ လူဦးရေတသိန်းနှစ်သောင်းပေါ့ဗျာ။ ယာယီပြောင်းရွှေ့နေထိုင်လျှက် ရှိနေပါ တယ်ဗျ။"

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအနေနဲ့ ကရင်ပြည်နယ် ဘားအံ မြဝတီ၊ ပဲခူးမြို့ နယ်၊ ရွှေကျင်မြို့နယ်နဲ့ မဒေါက်မြို့ အပါအဝင် မြစ်ကမ်းနားတွေနဲ့ မြေနိမ့်ပိုင်း နေထိုင်ကြသူတွေအနေနဲ့ မြစ်ရေ ကြီးမှုဘေးအန္တရာယ်က ကင်းလွတ်ရာကို ရှောင်ရှားကြဖို့နဲ့ တောင်ငူမြို့နယ်နဲ့ ဘီးလင်းမြို့ နယ်တွေ အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူး သတိပြု နေထိုင်ကြဖို့ ဇူလိုင်(၂၉)ရက်စွဲ နဲ့သတိပေး ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ရေဘေးကြောင့် လူ၁၁ဦးထက် မနည်းသေဆုံးပြီး တသိန်းကျော်အိုးအိမ်မဲ့