ငမန်းသွားပါ ဒိုင်နိုဆောရုပ်ကြွင်း ထိုင်းမှာတွေ့

လွန်ခဲ့တဲ့နှစ် သန်းပေါင်း ၁၁၅ သန်းတုန်းက ရှင်သန်ခဲ့တဲ့ အင်မတန်ကြီးမားတဲ့ အသားစား ဒိုင်နိုဆောကြီးတကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ထိုင်းနိုင်ငံမှာ တွေ့ရှိခဲ့တယ်လို့ သိပ္ပွံ ပညာရှင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

တွေ့ရှိခဲ့တဲ့ ဒိုင်နိုဆောကို Siamraptor Suwati လို့ အမည် ပေးထားပြီး သူ့ရဲ့အရှည်က ၂၆ ပေနဲ့ အလေးချိန်က အနည်းဆုံး ၃ တန်ခွဲ လောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ သူ့မှာ ငါးမန်းလို ချွန်ထက်တဲ့သွားတွေရှိပြီး အပင်စားဒိုင်နိုဆောတွေကို ရှာဖွေစားသောက်လေ့ရှိသလို လွန်ခဲ့တဲနှစ်သန်းပေါင်း တရာလောက်ကရှင်သန်ခဲ့တဲ့ သူတို့ဟာ ကွေ့ကောက်တဲ့မြစ်ကြောင်းတွေ တလျှောက် ကျက်စားလေ့ရှိပါတယ်။

ထိုင်းနိုင်ငံ Korat ဒေသမှာ Siamraptor ၄ ကောင်ရဲ့ ရုပ်ကြွင်းအပိုင်းအစ တွေကို တွေ့ရှိခဲ့ပြီး အပိုင်းအစတွေကတော့ ခေါင်းခွံ၊ ကျောရိုး၊ လက်ရိုး၊ တင်ပါးဆုံရိုးနဲ့ သွားတွေ ဖြစ်တယ်လို့ Khorat ရုပ်ကြွင်းပြတိုက်နဲ့ Nakhon Ratchasima Rajabhat တက္ကသိုလ်က ရုပ်ကြွင်းပညာရှင် Chokchaloemwong ကပြောပါတယ်။

ဒီဒိုင်နိုဆောတွေဟာ လွန်ခဲ့တဲ့နှစ် သန်း ၉၀ ကျော်တုန်းက ရှင်သန်ကျက်စားခဲ့တဲ့ ငါးမန်းလို သွားရှိတဲ့ တောက်တဲ့မျိုးလို့ အဓိပ္ပါယ်ရတဲ့ Carcharodontosaurus ဒိုင်နိုဆောမျိုးတွေ ဖြစ်ပါတယ်။ ဒီမျိုးရင်းထဲက ၄၅ ပေရှိတဲ့ အကြီးဆုံးအကောင်ကို အာဖရိက မြောက်ပိုင်းမှာ တွေ့ခဲ့ရပြီး သူတို့ကို အာဖရိကနဲ့ ဥရောပမှာ တွေ့ရလေ့ရှိပါတယ်။

ဂျပန်နဲ့ ထိုင်း ပူးတွဲ ပြီးလုပ်ဆောင်နေတဲ့ ဒိုင်နိုင်ဆောပရောဂျက် (Japan-Thailand Dinosaur Project) သုတေသန ပညာရှင်တွေက ဒီတွေ့ရှိချက်ကို စာတမ်းရေးသား ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

(Unicode)






Your browser doesn’t support HTML5

ငမန်းသွားပါ ဒိုင်နိုဆောရုပ်ကြွင်း ထိုင်းမှာတွေ့