သမ္မတ Biden အပါအဝင် G20 ခေါင်းဆောင်တွေ အိန္ဒိယရောက်ရှိ 

G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံ နယူးဒေလီလေဆိပ်ကို ဆိုက်ရောက်လာတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (စက်တင်ဘာ ၈၊ ၂၀၂၃)

မနက်ဖြန် အိန္ဒိယနိုင်ငံမှာ စတင်ကျင်းပမယ့် စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀၊ G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန်သမ္မတ Joe Biden နယူးဒေလီမြို့တော်မှာ ရောက်ရှိနေပါတယ်။ အလားတူဘဲ ဗြိတိန် ဝန်ကြီးချုပ် Rishi Sunak အပါအဝင် ဂျပန်၊ အာဖရိကသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ခေါင်းဆောင်တွေလည်း ဒီနေ့ နယူးဒေလီမြို့ကို ရောက်နေကြပြီဖြစ်ပါတယ်။

အစည်းအဝေးမှာ နိုင်ငံတကာ ငွေကြေးအကြပ်အတည်းတွေကို ပူးပေါင်းဖြေရှင်းရေးနဲ့ ချေးငွေထောက်ပံ့နိုင်ရေး ကိစ္စတွေ အလေးထား ဆွေးနွေးမယ့်အကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောဆိုထားပါတယ်။

“ကြွေးမြီတွေ လျှော့ချပေးရေး ကိစ္စ ဒီသီတင်းပတ်ထဲ ဆွေးနွေးဖို့ အခွင့်လမ်းတွေ ရမယ့်အကြောင်း၊ နိုင်ငံတွေအတွက် ကြိုတင်တွက်ဆပြီး စနစ်တကျ အချိန်မှီ ကြွေးမြီတွေ လျော့ချပေးနိုင်ရေး ကြိုးပမ်းမှုတွေကို ဆက်ပြီး ထောက်ပံ့ပေးသွားမယ့်အကြောင်း၊ တိုးတက်မှုတွေ နှောင့်နှေးနေတာတွေကို ဆွေးနွေးမှာပါ” - လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen ပြောဆိုသွားတာပါ။

ငွေကြေးအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF တို့ကတဆင့် အကူအညီလိုအပ်တဲ့ နိုင်ငံတွေကို ငွေချေးထောက်ပံ့နိုင်တဲ့စနစ် ပိုပြီး ခိုင်အာအားကောင်းဖို့နဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ နိုင်ငံတကာ ခေါင်းဆောင်တွေ တိုက်တွန်း နေကြပါတယ်။

ဒီ ထိပ်သီးအစည်းအဝေးကို အမေရိကန် သမ္မတ Joe Biden တက်ရောက်ပေမဲ့ တရုတ်သမ္မတ Xi Jinping ကတော့ မတက်ရောက်ဘဲ ဝန်ကြီးချုပ် Li Qiang ပဲ တက်ရောက်ပါတယ်။ ရုရှားနိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တက်ရောက်ပါတယ်။ သမ္မတ Biden ဟာ နယူးဒေလီမှာ G20 စီးပွါးရေးအင်အားကြီးနိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေးကို တက်ရောက်ပြီးနောက် တနင်္ဂနွေနေ့ ဗီယက်နမ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

Your browser doesn’t support HTML5

သမ္မတ Biden အပါအဝင် G20 ခေါင်းဆောင်တွေ အိန္ဒိယရောက်ရှိ