ဂါဇာဒေသ ငြိမ်းချမ်းရေး သဘောတူညီမှုရရေး အမေရိကန် ဆက်လက် ဖိအားပေး

အစ္စရေးစစ်ဆင်ရေးအပြီး မြင်တွေ့ရတဲ့ Khan Younis မြို့တနေရာ (ဇွန် ၃၊ ၂၀၂၄)

ဂါဇာကမ်းမြောင်မှာ ကနဦး အပစ်ရပ်စဲရေးနဲ့ ဓားစာခံတွေပြန်လွတ်ရေး အပါအဝင် အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား သဘောတူညီချက်ရနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ဖိအားပေး ဆောင်ရွက်နေပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မူကြမ်းနဲ့ပတ်သက်လို့ အစ္စရေး အရာရှိတွေနဲ့ ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့ တနင်္ဂနွေနေ့နှောင်းပိုင်းက ပြောဆိုပြီး ဒီအဆိုပြုချက်ဟာ အစ္စရေးရဲ့ ရေရှည် လုံခြုံရေးအတွက် အကျိုးရှိစေမယ်လို့ ပြောဆိုထားတာပါ။

ဝန်ကြီး Blinken ဟာ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant ၊ အစိုးရအဖွဲ့ဝန်ကြီး Benny Gantz တို့နဲ့ သီးခြားစီ ဆွေးနွေးခဲ့တာမှာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အရ ဖမ်းဆီးခံထားရတဲ့ ဓားခံတွေအားလုံးပြန်လွတ်ပြီး ဂါဇာကမ်းမြောင် တခုလုံးကို စာနာမှုဆိုင်ရာ အကူအညီတွေလည်း တိုးမြင့် ပို့ပေးနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller က ပြောပါတယ်။

ဂါဇာဒေသအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တရပ်ကို ဟာမတ်စ်ဘက် သဘောတူလိုက်မယ်ဆိုရင် ဒီအစီအစဉ်ကို အစ္စရေးကလည်း လက်ခံမယ်လို့ အမေရိကန်ဘက်က မျှော်လင့်တဲ့အကြောင်း သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby က တနင်္ဂနွေနေ့ အစောပိုင်းတုန်းက ပြောဆိုထားပါတယ်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွင်း ဂါဇာအုပ်ချုပ်ရေးနဲ့ပတ်သက်လို့ ဟာမတ်စ်အဖွဲ့ ဘယ်အခန်းကဏ္ဍကမှ ပါဝင်မှာကို မလိုလားကြောင်း ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ဂါဇာဒေသ ငြိမ်းချမ်းရေး သဘောတူညီမှုရရေး အမေရိကန် ဆက်လက် ဖိအားပေး