အစ္စရေးနဲ့ ဟက်ဇ်ဘိုလာ လက်ဘနွမ်နယ်စပ်မှာအပြန်အလှန်ပစ်ခတ်

အစ္စရေး-လက်ဘနွန်နယ်စပ် အစ္စရေးဘက်ခြမ်းမှာ ဟက်ဇ်ဘိုလာဘက်က ပစ်လွှတ်တဲ့ ရော့ကက်ဒုံး ၂၀၀ ကျော်နဲ့ တိုက်ခိုက်ရေးဒရုန်းတွေကြောင့် မီးလောင်ကျွမ်းနေပုံ။

ပါလက်စတိုင်းနဲ့ လက်ဘနွန်နယ်စပ်တလျှောက်မှာ အစ္စရေးတပ်တွေနဲ့ လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်နေကြတာ လနဲ့ချီကြာလာတာကြောင့် ဂါဇာစစ်ပွဲကနေ ဒေသတွင်းပဋိပက္ခတွေ ပိုကျယ်ပြန့်လာမှာကို စိုးရိမ်နေကြချိန်မှာပဲ ကြာသပတေးနေ့ကလည်း နှစ်ဘက် ထပ်မံ တိုက်ခိုက်ခဲ့ကြပါတယ်။

အီရန်တွေ ကျောထောက်နောက်ခံပေးထားတဲ့ ဟက်ဇ်ဘိုလာတွေက သူတို့ဟာ အစ္စရေးအခြေစိုက်စခန်းတွေကို ဖေါက်ခွဲရေးဒရုန်းတွေ အပါအဝင် ရော့ကက် အလုံး ၂၀၀ ကျော်နဲ့ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ အစ္စရေးလက်ချက်နဲ့ သူတို့ရဲ့တပ်မှူးတဦး အသတ်ခံရတာကို တုံ့ပြန်တာဖြစ်ကြောင်း ဟစ်ဇဘိုလာဘက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အစ္စရေးမြောက်ပိုင်းဒေသတလွှား လေကြောင်းအချက်ပေးသံတွေနဲ့ ဆူညံသွားခဲ့ပြီး အစ္စရေးက လေကြောင်းကနေ ပြန်လှန်တိုက်ခိုက်ခဲ့သလို လက်ဘနွန်ထဲကနေ တိုက်ခိုက်လာတဲ့ ပစ်ခတ်မှု အတော်များများကိုလည်း ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာမှာ ဟာမတ်စ်တွေဖမ်းထားတဲ့ ဓါးစားခံတွေ ပြန်လွှတ်ရေး အပါအဝင် ဂါဇာ အပစ်ရပ်ရေးအတွက်တင်ပြတဲ့ နောက်ဆုံးအဆိုပြုချက် အတွက် ဟာမတ်စ်ဘက်ကတုံ့ပြန်မှုကို အစ္စရေးအရာရှိတွေ စဉ်းစားနေချိန်မှာပဲ အခုလို ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ ကာတာညှိနှိုင်းရေးမှူးတွေနဲ့ ဟာမတ်စ်ဘက်ကပေးပို့တဲ့အချက်တွေကို အစ္စရေးဘက်က လေ့လာသုံးသပ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရုံးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဓါးစာခံလွတ်မြောက်ရေး ဟာမတ်စ်တွေနဲ့ညှိနှိုင်းဖို့ ကိုယ်စားအဖွဲ့တဖွဲ့ အစ္စရေးကစေလွှတ်ခဲ့တယ်လို့ ကြာသပတေးနေ့မှာ အစိုးရအရာရှိတဦးက ပြောပါတယ်။ ဒါ့အပြင် ဒီကိစ္စကို လုံခြုံရေးကက်ဘိနက်အဖွဲ့နဲ့ ဆွေးနွေးဖို့ အစ္စရေးဝန်ကြီးချုပ် Netanyahu က ပြင်နေတယ်လို့လည်း ပြောပါတယ်။

Your browser doesn’t support HTML5

အစ္စရေးနဲ့ ဟက်ဇ်ဘိုလာ လက်ဘနွမ်နယ်စပ်မှာအပြန်အလှန်ပစ်ခတ်