ဆီးရီးယား Ghouta အရှေ့ပိုင်း အပစ်ရပ်ရေး လုံခြုံရေးကောင်စီ သဘောတူ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး

ဆီးရီးယားနိုင်ငံက စစ်ပွဲတွေမှာ ပါဝင်နေတဲ့အဖွဲ့တွေအားလုံး ရက် ၃၀ ထက်မနည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့နဲ့ Ghouta မြို့အရှေ့ပိုင်းအပါအဝင် တခြားနေရာတွေအားလုံးမှာ ဝိုင်းရံ ပိတ်ဆို့ထားတာကို ဖယ်ရှားပေး ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက စနေနေ့မှာ တညီတညွတ်ထဲ တောင်းဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံကထောက်ခံမယ့် စာသားအတိုင်း ဆုံးဖြတ်ချက်ကိုရေးသားရေး ရက်အတော်ကြာ အပြင်းအထန် ခက်ခက်ခဲခဲ စေ့စပ် ညှိနှိုင်းပြီးတဲ့နောက် အခုလို အားလုံးသဘောတူတဲ့ ဆုံးဖြတ်ချက် ထွက်လာတာပါ။ ဆုံးဖြတ်ချက်မူကြမ်းကို ကမကထပြုရေးဆွဲ တဲ့ ဆွီဒင်နဲ့ ကူဝိတ်နိုင်ငံတို့က မဲမခွဲခင် နောက်ဆုံးအချိန်ပိုင်းအထိ ဦးဆောင်ကြိုးပမ်းခဲ့ကြတာပါ။

ဒီဆုံးဖြတ်ချက်ကြောင့်တော့ ဆီးရီးယားက လူသားဘေးဒုက္ခ အဆုံးသတ်သွားမယ်လို့ ကျနော်တို့ မယူဆပါဘူး၊ ဒါပေမဲ့လည်း ဒါဟာ လုံခြုံရေးကောင်စီက ပြသလိုက်တဲ့ အပြုသဘောဆောင် လက္ခဏာပါပဲ၊ အခုတော့ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ အကောင်အထည်ဖော်ကြရပါမယ်လို့ ကုလသမဂ္ဂဆိုင်ရာ ကူဝိတ်သံအမတ်ကြီး Mansour al-Otaibi ကပြောပါတယ်။

လူသားစာနာမှုအကူအညီတွေ ပေးပို့နိုင်ရေး၊ အပြင်းအထန် နာမကျန်းဖြစ်နေသူတွေနဲ့ ဒဏ်ရာရထားသူတွေကို ရွှေ့ပြောင်း ကယ်ထုတ်ရေးတို့အတွက် တိုက်ပွဲတွေကို နောက်ထပ် အချိန်မဆွဲဘဲ အနည်းဆုံး ရက် ၃၀ ဆက်တိုက် ရပ်ဆိုင်းထားဖို့ အဖွဲ့ အားလုံးကို ဒီဆုံးဖြတ်ချက်က တောင်းဆိုထားပါတယ်။ IS အစွန်းရောက်အဖွဲ့၊ Nusra တပ်ဦး ဒါမှမဟုတ် al-Qaida လို အကြမ်း ဖက်ဝါဒီအဖွဲ့တွေနဲ့ ပတ်သက်ရင်တော့ ဒီ အပစ်အခတ်ရပ်စဲရေးက အကျူံးမဝင်ပါဘူး။

ဒီအပစ်ရပ်တောင်းဆိုချက်ကို ဆီးရီးယားအစိုးရက လိုက်နာမလားဆိုတာ သံသယရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ကပြောပေမဲ့ အပစ်အခတ်ရပ်စဲမှု အလုပ်ဖြစ်စေဖို့ အခွင့်အရေးပေးရမယ်လို့ ပြောပါတယ်။ ဆုံးဖြတ် ချက်ချမှတ်ဖို့ကိစ္စ ရုရှားက အတားအဆီး လုပ်တာကိုလည်း သံအမတ်ကြီး Haley က ပြစ်တင် ဝေဖန်ပါတယ်။

Your browser doesn’t support HTML5

ဆီးရီးယား Ghouta အရှေ့ပိုင်း အပစ်ရပ်ရေး လုံခြုံရေးကောင်စီ သဘောတူ