ဂုတ်ထိပ်တံတား TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူ

ဂုတ်ထိပ်တံတားအနီးတွေ့ရတဲ့ TNlA တပ်ဖွဲ့ဝင်များ (ဇူလိုင် ၅၊ ၂၀၂၄)

ရှမ်းပြည်နယ် နောင်ချိုမြို့နားက မန္တလေး-လားရှိုး ရထားလမ်းပေါ်က နာမည်ကျော် ဂုတ်ထိပ်တံတားကို TNLA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပါတယ်။ ဇူလိုင် ၄ ရက် ကြာသပတေးနေ့က သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂုတ်တွင်းကားလမ်းတဝိုက်မှာတော့ တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေပါတယ်။ ဂုတ်ထိပ်တံတားကိစ္စ စစ်ကောင်စီကို မေးမြန်းထားပေမဲ့ တုံ့ပြန် ဖြေကြားခြင်း မရှိသေးပါဘူး။​

TNLA ပါတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ပြန်လည်စတင်နေချိန်မှာ ဂုတ်ထိပ်တံတားကို သိမ်းယူနိုင်ခဲ့တာပါ။ တရုတ်စေ့စပ်ပေးခဲ့တဲ့ ရှမ်းမြောက်က တိုက်ပွဲတွေ ပြန်ပြင်းထန်လာချိန်မှာ၊ မြန်မာဆိုင်ရာ တရုတ်သံအမတ်ကြီး တရုတ်နိုင်ငံ ပြန်တော့မှာဖြစ်ပါတယ်။ တရုတ်ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ဟိုင်ဂင်သဘောတူချက်နဲ့ ယာယီအပစ်ရပ်မှုကို မြန်မာဖက်က ချိုးဖောက်တယ်ဆိုပြီး ရှမ်းမြောက် ညီနောင် (၃) ဖွဲ့က လားရှိုးအပါအဝင် ထိုးစစ်ပြန်ဆင်လိုက်ချိန်မှာ၊ တရုတ်သံအမတ်ကြီး Chen Hai ပြန်မှာဖြစ်ပါတယ်။ တာဝန်ပြီးဆုံးလို့ ပြန်မှာဖြစ်တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပေမဲ့ ခုချိန်ထိတော့ သူ့နေရာမှာ ဘယ်သူနဲ့ အစားထိုးမလဲဆိုတာတော့ မသိသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် TNLA တအန်းတပ်ဖွဲ့က နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်ဖက်ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ စတင် ထိုးစစ်ဆင်ခဲ့ပါတယ်။ MNDAA ကိုးကန့်တပ်ဖွဲ့ကလည်း ရှမ်းမြောက် စစ်ဌာနချုပ်ရှိရာ လားရှိုးကို ဒီအပတ်မှာ ဦးဆောင် စတိုက်ချိန် သံအမတ်ကြီး Chen Hai ပြန်မှာဖြစ်ပါတယ်။

အခုနှစ်ဆန်း ဇန်နဝါရီလက တရုတ်ကြားဝင်မှုနဲ့ အပစ်ရပ်ထားချိန်မှာ ညီနောင်မဟာမိတ်တွေ ဝိုင်းထားခဲ့တဲ့ လားရှိုးကို ဒီနေ့ သောကြာနေ့မှာတော့ မြို့ထဲအထိ ဝင်ရောက်တိုက်ခိုက်ပါတယ်။ သံအမတ်ကြီး Chan Hai ဟာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို မနေ့ ကြာသပတေးမှာ နေပြည်တော်မှာ သွားတွေ့ပြီး၊ မြန်မာဖက်က ပူးပေါင်းဆောင်ရွက်မှုတွေကို ကျေးဇူးတင်ကာ ဆက်ဆံရေး တိုးမြှင့်သွားမယ်လို့ပြောတာကို ရန်ကုန်တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ဂုတ်ထိပ်တံတား TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူ