(Zawgyi / Unicode)
ဂီနီနိုင်ငံမှာ လွန်ခဲ့တဲ့ ၁ ပတ်ကျော်က အာဏာသိမ်းလိုက်တဲ့ စစ်တပ်က အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းဖို့ ၄ ရက်ကြာ အစည်းအဝေး အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။
မြို့တော် Conakry မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း နိုင်ငံအတွက် လမ်းကြောင်းသစ်တရပ် ချမှတ်မှာဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး ခေါင်းဆောင်တွေ ပါဝင်မှာ ဖြစ်ကြောင်းလည်း သမ္မတ Alpha Conde ကို ဖယ်ရှားခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြောဆိုခဲ့တာပါ။
ဆွေးနွေးမှုတွေအတွင်း အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြီးစီးမယ့် အချိန်ကာလနဲ့ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးနဲ့ အခြေခံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် ဦးဆောင်မယ့်သူကိုလည်း ရွေးချယ်ဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
အနောက်အာဖရိက နိုင်ငံများ စီးပွားရေး အသိုက်အဝန်း (ECOWAS) ကတော့ အရပ်ဖက်က ခေါင်းဆောင်တဲ့ ယာယီ အသွင်ကူးပြောင်းရေး အဖွဲ့ ဖွဲ့စည်းဖို့ တိုက်တွန်းထားတာပါ။
ဂီနီအစိုးရကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြင်သစ် Foreign Legionnaire အထူးတပ်ဖွဲ့ဝင်ဟောင်း Mamady Doumbouya ဦးဆောင်တဲ့ အထူးတပ်တွေက ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု မတိုင်ခင် ပြီးခဲ့တဲ့နှစ်ထဲ ဂီနီနိုင်ငံမှာ သမ္မတ Conde တတိယအကြိမ် သက်တမ်းအတွက် တာဝန်ယူဖို့ ကြိုးပမ်းတာကို ကန့်ကွက်တဲ့ အကြမ်းဖက် ဆန့်ကျင်ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲ ၃ ကြိမ်စလုံးမှာ ရှုံးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Cellou Dalein Diallo အပါအဝင် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကတော့ စစ်အာဏာသိမ်းတာကို ထောက်ခံခဲ့ကြပါတယ်။
Your browser doesn’t support HTML5
ဂီနီ အာဏာသိမ်းစစ်တပ် ဘက်ပေါင်းစုံခေါင်းဆောင်များနဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းမည်
(Unicode)