အစ္စရေးဓားစာခံအလောင်း ၄ လောင်း Hamas ပြန်ပေး

သေဆုံးသွားတဲ့ အစ္စရေးဓားစာခံ လေးဦးရဲ့ရုပ်အလောင်းတွေကို ဟာမတ်စ်တွေက ကြက်ခြေနီအဖွဲ့ကို ခန်ယူနစ်စ်မြို့မှာ လွှဲပြောင်းပေးနေစဥ်။

ဖမ်းဆီးထားစဥ်သေဆုံးသွားတဲ့ အစ္စရေးဓားစာခံ (၄) ဦးရဲ့ ရုပ်အလောင်းကို Hamas စစ်သွေးကြွအဖွဲ့က အစ္စရေးကို ဒီနေ့ ပြန်ပေးခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Khan Younis မြို့မှာ အလောင်းတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ Red Cross လက်ထဲ လွှဲပေးခဲ့တာဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဟာ စစ်ရာဇဝတ်မှု ကျူးလွန်သူဖြစ်ပြီး ခုသေဆုံးတဲ့ ဓားစာခံတွေဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတာဖြစ်တယ်ဆိုတဲ့ စာတန်းကိုလည်း သေဆုံးသူဓားစာခံတွေ လွှဲပြောင်းပေးတဲ့နေရာမှာ ချိတ်ဆွဲထားပါတယ်။

အစ္စရေးဓားစာခံတွေရဲ့အလောင်းတွေ ပြန်လွှဲပေးတဲ့နေရာမှာ လာရောက်စုဝေးနေကြတဲ့ ပါလက်စတိုင်း-ဟာမတ်စ်တိုက်ခိုက်ရေးသမားတွေနဲ့ လာရောက်ကြည့်ရှုတဲ့လူအုပ်။ (ဖေဖေါ်ဝါရီ ၂၀၊ ၂၀၂၅)

ဒီကနေ့ ဖေဖေါ်ဝါရီ (၂၀) ရက်နေ့မှာ Red Cross သယ်ဆောင်လာတဲ့ ရုပ်အလောင်းတွေကို အစ္စရေးစစ်တပ်က လွှဲပြောင်း ရယူခဲ့ပြီးနောက် Tel Aviv မှာ ရှိတဲ့ ရုပ်ခန္ဓာစစ်ဆေးတဲ့ဌာနကို သယ်ဆောင်ပြီး ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို စစ်ဆေးခဲ့ပါတယ်။ သေဆုံးသူတွေထဲ ဖမ်းဆီးသွားစဥ်မှာ (၉) လသားအရွယ် Kfir Bibas ဟာ အသက်အငယ်ဆုံးဖြစ်ပြီး အသက် (၄) နှစ်အရွယ် Ariel Bibas နဲ့ သူတို့ရဲ့ မိခင် Shiri Bibas တို့ ဖြစ်ပါတယ်။

သူတို့သားအမိတွေဟာ အစ္စရေးနယ်မြေတွေထဲ Hamas လက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက် တိုဘာ (၇) ရက်နေ့က ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး အဲဒီတုန်းက စောင်နဲ့ပတ်ထားတဲ့ ကလေးတွေကို လက်နက်ကိုင်တွေက အတင်းဆွဲယူသွားတာကို ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ ကလေးတွေရဲ့ မိခင်ဟာ ၂၀၂၃ နိုဝင်ဘာအတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး သွားတာလို့ Hamas ဘက်က ပြောပါတယ်။ သီးခြားဖမ်းဆီးခံရတဲ့ဖခင်ဖြစ်သူ Yarden Bibas ကိုတော့ ဒီလအစောပိုင်းက Hamas က ပြန်လွှတ်ပေးခဲ့ပါတယ်။

နောက်ထပ် သေဆုံးသူတဦးကတော့ အသက် (၈၃) နှစ် အရွယ် Oded Lifshitz ဖြစ်ပါတယ်။ အစ္စရေး သမ္မတ Isaac Herzog က တနိုင်ငံလုံး ကြေကွဲရတဲ့နေ့ ဖြစ်ပါတယ်လို့ X မှာရေးသားပြီး ဝန်ကြီးချုပ် Netanyahu ကလည်း ဒီအဖြစ်အပျက်ဟာ အစ္စရေးအနေနဲ့ ဘယ်လိုလူတွေနဲ့ ရင်ဆိုင်နေရတယ် ဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

Your browser doesn’t support HTML5

အစ္စရေးဓားစာခံအလောင်း ၄ လောင်း Hamas ပြန်ပေး