အမေရိကန်နိုင်ငံတွင်း အမုန်းတရားအခြေခံ ရာဇဝတ်မှုများ နှစ်၂၀ အတွင်း အမြင့်ဆုံး

Thumbnail Asian Hate Crimes

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စုမှာ အမုန်းတရားကြောင့်ဖြစ်ပွားတဲ့ ရာဇဝတ်မှု Hate Crime တွေဟာ ၂၀၂၁ ခုနှစ်မှာ အနှစ် ၂၀ အတွင်း အမြင့်ဆုံးကို ခုန်တက်သွားခဲ့တယ်လို့ ဖယ်ဒရယ်အစိုးရ စုံစမ်းရေးဗျူရို FBI က တနင်္လာနေ့မှာ နောက်ဆက်တွဲထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာအရ အမုန်းတရားအခြေခံတဲ့ရာဇဝတ်မှုတွေဟာ အရင်တနှစ်က ဖြစ်ပွားခဲ့တဲ့ ၈,၁၂၀ မှု ကနေ ၉,၀၆၅ မှု ကို ၁၁.၆ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တာပါ။

FBI က ဒီဇင်ဘာလတုန်းကထုတ်ပြန်တဲ့ အမုန်းတရားရာဇဝတ်မှုအစီရင်ခံစာမှာ ၂၀၂၁ ခုနှစ်အတွက် အမှုပေါင်း ၇,၂၆၂ လို့ ထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် အဲဒီ အစီရင်ခံစာမှာ နယူးယောက်၊ ရှီကာဂို မြို့ကြီးတွေနဲ့ ကယ်လီဖိုးနီးယား ပြည်နယ်က ရဲဌာနကြီးတွေအပါအဝင် တရားဥပဒေစိုးမိုးရေးအေဂျင်စီ ပေါင်း ၄,၀၀၀ ဝန်းကျင်လောက်ရဲ့ အချက်အလက်တွေ မပါဝင်ခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စု တခုလုံးက အမုန်းတရားဆက်စပ်တဲ့ ရာဇဝတ်မှုတွေရဲ့အခြေအနေကို ပိုမိုပြည့်ပြည့်စုံစုံဖော်ပြဖို့ နိုင်ငံတဝန်းရဲဌာနတွေက အချက်အလက်တွေ ထပ်မံရရှိခဲ့လို့ နောက်ဆက်တွဲ ဖြည့်စွက်ခဲ့တာဖြစ်ကြောင်း FBI က ပြောပါတယ်။

ဒီ အမှုပေါင်း ၉,၀၆၅ မှုဟာ အနှစ် ၂၀ ဆယ်အတွင်းမှာ အမြင့်ဆုံးဖြစ်ပြီး FBI က အမုန်းတရားဆိုင်ရာ ရာဇဝတ်မှုအချက်အလက်တွေကို စတင် မှတ်တမ်းတင် ထုတ်ပြန်တဲ့ ၁၉၉၀ ခုနှစ်က ပြန်ကြည့်ရင်လည်း ဒုတိယအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဒါ့ပြင် အခု FBI က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ တဦးတဘက်တည်းက အမုန်းတရားအခြေခံတဲ့ ရာဇဝတ်မှုလို့ စွပ်စွဲတိုင်ကြားတဲ့ အဖြစ်အပျက်တွေကို နောက်ဆက်တွဲ မှတ်တမ်းပြုစုတဲ့ အစီရင်ခံစာပါ အမှုအရေအတွက် ၁၀,၅၃၀ ထက် သိသိသားသား ကွဲပြားနေပါသေးတယ်။

ဒီ ကွဲလွဲမှုတွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက်ပေးဖို့ VOA က FBI ကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရရှိသေးပါဘူး။

အခု ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ်အတွက် အစီရင်ခံစာအသစ်မှာ အရင်နှစ်တွေကလိုပဲ လူမည်းတွေဟာ အမုန်းတရားအခြေခံတဲ့ရာဇဝတ်မှုတွေမှာ မကြာခဏ ပစ်မှတ်ဖြစ်ခံရတယ်လို့ ဆိုပါတယ်။ အဲ့ဒါရဲ့နောက် ကပ်လျက်မှာတော့ လူဖြူဆန့်ကျင်ရေးအဖြစ်အပျက်တွေက ဒုတိယလိုက်ပြီး အဲဒီနောက်မှာ လိင်တူချစ်သူတွေကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ၊ ဂျူးဆန့်ကျင်ရေးနဲ့ အာရှမျိုးနွယ်ဆန့်ကျင်ရေး ဆက်စပ်အမှုအခင်းတွေ ပါဝင်ပါတယ်။

“လူမျိုး၊ ဘာသာ၊ မသန်စွမ်းမှု၊ လိင်စိတ်တိမ်းညွတ်မှု၊ မျိုးနွယ်စု၊ ကျား၊ မ လိင်ကွဲပြားမှုတွေကိုအခြေခံတဲ့ ဆန့်ကျင်ခွဲခြားမှုတစိတ်တပိုင်း ဒါမှမဟုတ် အလုံးစုံ အဖြစ်အပျက်တွေကို FBI က ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာပါ။

FBI ဗျူရိုက နှစ်စဉ် ထုတ်ပြန်တဲ့ ဒီ အစီရင်ခံစာကို ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေ၊ မူဝါဒချမှတ်သူတွေ၊ ကျွမ်းကျင်သူပညာရှင်တွေနဲ့ လူမှုအသိုင်းအဝန်း ခေါင်းဆောင်တွေက အမေရိကရဲ့ အမုန်းတရားဆက်စပ် ရာဇဝတ်မှုဆိုင်ရာ အခြေအနေကို ကျယ်ကျယ်ပြန့်ပြန့်သိရဖို့ ကိုးကားလေ့ရှိပါတယ်။

Your browser doesn’t support HTML5

အမေရိကန်နိုင်ငံတွင်း အမုန်းတရားအခြေခံ ရာဇဝတ်မှုများ နှစ်၂၀ အတွင်း အမြင့်ဆုံး.mp3

==================

{{Unicode}}









