Your browser doesn’t support HTML5
ကိုဗစ်ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း ဆံပင်ညှပ်တဲ့အခါ လူချင်းမခွာဈ ထိတွေ့ပြီး ညှပ်ရတာအပြင်၊ အထူးသဖြင့် ဦးခေါင်း၊ မျက်နှာတဝိုက်ကို ထိတွေ့ရတာ၊ ဆိုင်တွေကလည်း အလုံပိတ်တွေ ဖြစ်တာမို့၊ ကိုဗစ်ရောဂါ အလွယ်ကူးစက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။
ဆံပင်ညှပ်ဆိုင်တွေကနေ ကိုဗစ်ကူးခံရမှာ စိုးရိမ်ရတာကြောင့်၊ ကိုယ့်အိမ်မှာ ကိုယ်ညှပ်သူတွေ၊ (ဖြစ်သလို) ဆံပင်အရှည်ထားထားသူတွေနဲ့ ကတုံး တုံးလိုက်သူတွေ ရှိနေပေမယ့်။ အချို့ကတော့ ဆံပင်ညှပ်ဆိုင်မှာ ညှပ်လိုသူတွေလည်း ရှိနေပါတယ်။ ဆံပင်ညှပ်တဲ့အခါ ဆံပင်ညှပ်ဆရာအနေနဲ့ ဆံပင်ညှပ်ခံသူဦးခေါင်းကို အနီးကပ်ကြည့်ပြီး၊ မျက်နှာကိုပါ ထိတွေ့ရပြီး (အထူးသဖြင့် နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးရိတ်တာ)၊ ဆံပင်ကို ညှပ်ပေးရတာမို့ ရောဂါကူးစက်နိုင်မူ အန္တရာယ် အလွန်များပါတယ်။ တချို့ဆံပင်ညှပ်ဆိုင်တွေမှာဆို နားထင်နဲ့ ပခုံးကို နှိပ်နယ်ပေးတာတွေ လုပ်ဆောင်ပေးသလို၊ ခေါင်းလျှော်တာ၊ ဆံပင်ဆေးဆိုးတာတွေနဲ့ ခေါင်းနဲ့ မျက်နှာတဝိုက်ကို ထိတွေ့တာတွေ ပြုလုပ်ကြပါတယ်။
ဆံပင်ညှပ်ဆိုင်တွေကနေ ကိုဗစ်ပိုး ကူးစက်မခံရအောင် ကာကွယ်ရေးအတွက်၊ အမေရိကန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန (CDC) က ထုတ်ပြန်အကြံပြုထားရာမှာ၊ ဆံပင်ညှပ်ချိန် နှိပ်နယ်ပေးတာတွေ တွဲမလုပ်ပေးဖို့၊ ပါးစပ်နဲ့နှာခေါင်းစည်းကို ဆံပင်လာညှပ်သူရော (ရိုးရိုး ခွဲစိတ်ခန်းသုံး Mask)၊ ဆိုင်ကညှပ်ပေးသူပါ (အဆင့်မြင့် N-95 Mask) တပ်ထားဖို့၊ လက်အိတ်လည်း နှစ်ဖက်လုံး စွပ်ထားဖို့ (လက်အိပ်နဲ့တစ်ခုခု ထိမိလျှင်လည်း အပေါ်ကနေ အရက်ပျံ လူးပေးပြန်သန့်စင်ခြင်း၊ ဆိုင်ကအထွက်မှာတော့ လက်အိတ်ကို အမှိုက်ပုံးထဲစွန့်ပစ်ခဲ့ခြင်း)၊ ဆိုင်အတွင်းမှာ ထိုင်ခုံတွေကို (၆) ပေခွာထားဖို့၊ လူတွေကို အပြင်မှာဘဲ စောင့်ခိုင်းဖို့ (သို့မဟုတ်) ဖုန်းနဲ့ ကြိုတင်ချိန်း (Appointment) ပြီးမှ အချိန်ကိုက်လာဖို့၊ ဆံပင်လာညှပ်သူတွေအနေနဲ့ ကိုယ်ပိုင်ပစ္စည်းတွေ (လက်ဆွဲအိတ်၊ အစားအစာ၊ စာရွက်စာတမ်း၊ ဖုန်း၊ မျက်မှန် စတာ) ကို ဆိုင်ထဲ မယူဆောင်လာဖို့၊ ဆံပင်ကာဝတ်ရုံကို တစ်ဦးအတွက် သုံးပြီးလျှင် နောက်တစ်ဦးအတွက် အသစ်လဲပေးဖို့၊ တစ်ဦးကိုညှပ်ပြီးတိုင်း ထိုင်ခုံ၊ ထိထားတဲ့ နေရာတွေ (ဥပမာ ထိုင်ခုံလက်တန်း) ကို ပိုးသတ်ဆေးဖြန်း၊ သုတ်သင်ပေးတာတွေကို လုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။
ဒါ့အပြင် ဆံပင်ညှပ်တဲ့ ကရိယာပစ္စည်းတွေကိုလည်း တစ်ဦးညှပ်ပြီးတိုင်း ပိုးသန့်ဆေးဖြန်း သန့်ရှင်းပေးဖို့ လိုပါတယ်။ ဆေးပညာရှင်တွေကတော့ ဖြစ်နိုင်လျှင် ဆံပင်ညှပ်ဆရာအနေနဲ့ PPE (အကာအကွယ်ဝတ်စုံ) အဆင့် ၂ (N-95 Mask၊ မျက်မှန်အကာ၊ လက်အိတ်) တို့ကို ဝတ်ဆင်သင့်ပါတယ်။ ဒါ့အပြင် အရက်ပျံ Hand Gel ကို အသင့်ဆောင်ထားပြီး၊ ဆိုင်ထဲမဝင်ခင်နဲ့ ပြန်အထွက်မှာလည်း လက်ဆေးသင့်ပါတယ်။ ဆံပင်ညှပ်ချိန်ကိုလည်း ဖြစ်နိုင်လျှင် ၁၅ မိနစ်ထက် မကျော်သင့်ပါဘူး (တချို့ကတော့ ပုံကိုအလေးမထားဘဲ၊ မြန်အောင် ဆံပင်ညှပ်စက် ကတ်ကျည်းနဲ့ တစ်ခါထဲ ရိတ်ပစ်ကြပါတယ်)။
ဒါ့အပြင် နိုင်ငံတကာမှာလည်း အသက်ကြီးသူ၊ ရောဂါအခံရှိသူတွေကို ဆံပင်ညှပ်ဆိုင် မလာဖို့ ညွှန်ကြားထားပါတယ်။ အဖျားနဲ့ကိုဗစ်ရောဂါ လက္ခဏာရှိသူတွေကိုလည်း မသွားဖို့ တားမြစ်ထားပြီး၊ ဆိုင်ဝမှာ အဖျားတိုင်းတာတွေ ရှိပါတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း အဝတ်အစားတွေပေါ် ပိုးတွေကပ်နေနိုင်တာကြောင့်၊ အဝတ်တွေကိုလျှော် (တစ်ခါသုံး ဝတ်စုံဆိုလျှင် လွှင့်ပစ်) ပြီး၊ ရေချိုး၊ ခေါင်းပါလျှော်ပြီးမှ အိမ်ပြန်သင့်ပါတယ်။ ဆံပင်မှာလည်း ကိုဗစ်ရောဂါပိုးက နာရီပိုင်းနဲ့ ရှင်နိုင်ပါတယ်။ အလားတူ ဆိုင်ထဲမှာရှိတဲ့ ပစ္စည်းတွေပေါ်မှာ ရောဂါပိုး တွယ်ကပ်ရှင်သန်နိုင်တာကြောင့် - စိန်ရွှေလက်ဝတ်ရတနာ၊ သတ္တုတွေပေါ် (၅ ရက်)၊ ဖန်သားနဲ့ မှန် မျက်နှာပြင်တွေပေါ် (၅ရက်)၊ သစ်သားပရိဘောဂတွေပေါ် (၄ ရက်)၊ ပလပ်စတစ်တွေပေါ် (၂) ရက်၊ စတီးထိုင်ခုံနဲ့ပစ္စည်းတွေပေါ် (၂ ရက်)၊ ကတ်ထူတွေပေါ် (၁) ရက် အသီးသီး ရှင်သန်ပါတယ်။ သတင်းစာပေါ်မှာလည်း နာရီပိုင်းနဲ့ ရှင်နိုင်ပါတယ်။
ကနေဒါနိုင်ငံ (တိုရွန်တိုမြို့) မှာဆိုလျှင် ဥပဒေထုတ်ပြီး ပါးစပ်နဲ့နှာခေါင်းစည်းနဲ့ လက်အိတ် မဝတ်ထားလျှင် ဆိုင်ထဲပေးမဝင်တာ၊ ဆိုင်ထဲမှာ တစ်ဦးတစ်ယောက် ဆံပင်ညှပ်ပြီးလျှင် ပိုးသတ်ဆေးပြန်ဖြန်းရတာ၊ ဆံပင်ညှပ်ဆရာအနေနဲ့ တစ်ဦးပြီးလျှင် လက်အိတ်သစ်လဲတာ၊ လေးထဲပိုးပျံ့ မထွက်ရအောင် Hair Dryer (ဆံပင်ခြောက်စက်) နဲ့ Hair Spray (ဆံပင်ဖြန်းတာ) တွေ မသုံးဖို့၊ ပိုက်ဆံကိုလည်း ATM ကဒ်ပြားနဲ့တောင် မပေးစေဘဲ၊ အင်တာနက် On-line ကနေ ကြိုတင်ပေးစေတာတွေပါ အခြားအထက်ပါနည်းတွေနဲ့အတူ ထည့်သွင်းပြဌာန်း လိုက်နာပေးရပါတယ်။
မြန်မာနိုင်ငံမှာ အရင်ခေတ်ကာလတုန်းက ဆံသသေတ္တာလေး သယ်လာပြီးတော့၊ အိမ်ပြင်နားမှာ (သစ်ပင်ရိပ်အောက်) ဆံပင်လာညှပ်ပေးတာမျိုး အခုကာလမှာ ပြန်ကျင့်သုံးနိုင်လျှင်လည်း၊ လေဝင်လေထွက်ကောင်းတာမို့၊ နှစ်ယောက်လုံး ပါးစပ်နဲ့နှာခေါင်းစည်း၊ လက်အိတ်ဝတ်ထားလျှင်၊ အလုံပိတ်ဆိုင်ထက် ကူးစက်နိုင်ခြေ နည်းနိုင်ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာလည်း ဒီဆံပင်ညှပ်ဆိုင်နဲ့ အလှပြင်ဆိုင်တွေမှာ လိုက်နာရမယ့် စည်းကမ်းတွေကို ထုတ်ပြန်ပေးသင့်ပြီး၊ ပိုက်ဆံပေးရာမှာလည်း ပလပ်စတစ်နဲ့ ထည့်ပေးကာ၊၊ ဆိုင်ကလူတွေ ချက်ချင်းကိုင်စရာမလိုဘဲ၊ ခွက်တစ်ခုထဲမှာ ထည့်တားပေးခဲ့တာ (ပြန်အန်းစရာမလိုဘဲ အတိအကျပေးတာ) မျိုး အကြံပြုသင့်ပါတယ်။ ဒါ့အပြင် အချိန်မကြာအောင်လည်း ဖုန်းနဲ့ကြိုပြီး ဘယ်လိုပုံ ညှပ်ချင်တာ၊ ပိုကြာနိုင်တဲ့ ခေါင်းလျှော်ဖို့၊ ဆေးဆိုးဖို့ ရှိမရှိစတာတွေ မေးမြန်းပြီး၊ အသင့်ပြင်ဆင်ထားသင့်ပါတယ်။ ဆိုင်အလုံပိတ်အခန်းတွေအတွက်လည်း၊ လေဝင်လေထွက်ကောင်းအောင်၊ တံခါးနဲ့၊ ပြူတင်းပေါက်တွေ မကြာခဏ ဖွင့်ပေးတာမျိုး၊ လေမူတ်ထုတ်စက်ပန်ကာ (Exhaust Fan) တပ်ဆင်ပေးတာတွေ လုပ်ပေးသင့်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး, ကို ဆက်သွယ်မေးမြန်းထားပါတယ်။
== Unicode ==