လွှတ်တော်အမတ်လေးဦး ဟောင်ကောင်အစိုးရ ပယ်ဖျက်

လွှတ်တော်အမတ်လေးဦး။ (နိုဝင်ဘာ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

ဟောင်ကောင်က ဒီမိုကရေစီတောင်းဆိုရေး လှုပ်ရှားမှုတွေမှာ ပါဝင်သူ လွှတ်တော်အမတ်လေးဦးကို ဒီကနေ့မှာ လွှတ်တော်အမတ်အဖြစ်က ပယ်ဖျက်လိုက်ပါတယ်။

တိုင်းပြည်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုလို့ ယူဆတဲ့ ဘယ်လွှတ်တော်အမတ်ကိုမဆို ဟောင်ကောင်အစိုးရအနေနဲ့ တရားရုံးတင်စရာမလိုဘဲ လွှတ်တော်အမတ်အဖြစ်ကနေ ပယ်ဖျက်နိုင်တယ်လို့ တရုတ် ဥပဒေပြုကော်မတီတခုက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ချက်ခြင်းဆိုသလိုပဲ ဒီလွှတ်တော်အမတ်တွေကို ပယ်ဖျက်လိုက်တာပါ။

ဒီအမတ်လေးဦးကတော့ Alvin Yeung, Dennis Kwok, Kwok Ka-ki နဲ့ Kenneth Leung တို့ဖြစ်ပါတယ်။ သူတို့အပါအဝင် ဒီမိုကရေစီရေးလိုလားတဲ့ လွှတ်တော်အမတ် ၁၉ ယောက်က သူတို့ထဲက တယောက်ယောက်ကို လွှတ်တော်အမတ်အဖြစ်ကနေ ပယ်ဖျက်ရင် သူတို့အားလုံး တပြိုင်ထဲထွက်မယ်လို့ ခြိမ်းခြောက်အပြီး နှစ်ရက်အကြာမှာပဲ အခုအမတ်လေးဦးကို ပယ်ဖျက်တာပါ။

SEE ALSO: ဟောင်ကောင်ဆန္ဒပြသမားတွေကို ခိုလှုံခွင့် မပေးဖို့ တရုတ်သတိပေးမှု ကနေဒါ လက်မခံ

လွှတ်တော်အမတ်နေရာ ၇၀ ရှိတဲ့ ဟောင်ကောင်လွှတ်တော်ကနေ ဒီအမတ် ၁၉ ဦးသာ နုတ်ထွက်သွားမယ်ဆိုရင် တရုတ်လိုလားတဲ့ လွှတ်တော်အမတ်တွေချည်းပဲ ကျန်တော့မှာဖြစ်ပါတယ်။

အခု အထုတ်ခံလိုက်ရတဲ့ လွှတ်တော်အမတ်လေးဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကျင်းပဖို့ ကနဦးတုန်းက စီစဉ်ထားခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ လွှတ်တော်အမတ် ၁၂ ယောက်ထဲမှာလည်း အပါအဝင်ပါ။ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကျရောက်နေတာကို အကြောင်းပြန်ပြီး အစိုးရက ရွေးကောက်ပွဲတွေကို တနှစ်ရွှေ့ဆိုင်းထားပါတယ်။

အခုလို လွှတ်တော်အမတ်လေးဦးကို ထုတ်ပစ်လိုက်တာဟာ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို နှိမ်နင်းဖို့ တရုတ်အစိုးရရဲ့ ကြိုးပမ်းမှုတစိတ်တပိုင်းဖြစ်ပုံရပါတယ်။

ဟောင်ကောင်ကျွန်းမှာ ၂၀၁၉ နှစ်ဝက်ပိုင်းကစပြီး ကြီးမားတဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲကြီးတွေဖြစ်ခဲ့ပြီးတော့ တခါတခါ ရုန်းရင်းဆန်ခတ်အခြေအနေတွေထိ ရောက်ခဲ့ပါတယ်။

Your browser doesn’t support HTML5

လွှတ်တော်အမတ်လေးဦး ဟောင်ကောင်အစိုးရ ပယ်ဖျက်

[Unicode Version]






SEE ALSO: တရုတ်အမျိုးသားနေ့ ဆန့်ကျင်မယ့် ဟောင်ကောင် ချီတက်ဆန္ဒပြပွဲ ပိတ်ပင်ခံရ


