(Zawgyi/Unicode)
ကမ္ဘာနဲ့တဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကို အလေးထားစောင့်ကြည့်နေချိန်မှာ မြန်မာနိုင်ငံတဝန်း နေ့အပူချိန်တွေ မြင့်တက်လာနေတာကြောင့် ကျန်းမာရေးနဲ့ သဘာ၀ ဘေးအန္တရာယ်တွေကိုလည်း သတိထားဖို့ လိုအပ်နေတဲ့သတင်းကို တင်ဆက်မှာဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ဒေသအတော်များများက နေ့အပူချိန်တွေဟာ မတ်လ ပျှမ်းမျှအပူချိန်ထက် ပိုမိုမြင့်တက်လာကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတာပါ။
☞ ရာသီဥတုပူရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျော့နိုင်သလားဆိုတာကိုလည်း ဖတ်နိုင်ပါပြီ။
ဒီရက်ပိုင်းအတွင်း အပူချိန်မြင့်တက်လာနေတဲ့ အခြေအနေကို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက အခုလို ပြောပါတယ်။
“အပူချိန်ကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်ကြည့်တဲ့အချိန်မှာ တိုင်းဒေသကြီးအတော်များများမှာတော့ ပုံမှန်အပူချိန်ထက်ကို ၁ ဒသမ ၅ ဒီဂရီထက်ကို ပိုနေတဲ့ အနေအထားမျိုးလေးတွေ ရှိတယ်ပေါ့နော်။ အဓိကကတော့ အပူချိန် အများဆုံးဖြစ်တဲ့ တိုင်းဒေသကြီးတွေကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေရယ်။ နောက်တခုကတော့ မြစ်ဝကျွန်းပေါ်ဒေသတွေပေါ့နော်။ နောက် မွန်တို့၊ အဲဒီနေရာတွေကတော့ အပူချိန်က တခြားဒေသတွေထက်စာရင် ပိုပြီးတော့ အပူချိန် မြင့်မားတယ်ပေါ့နော်။”
မိုး/ဇလဌာနက မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်မှာ ကချင်နဲ့ ကယားပြည်နယ်မှာ မတ်လ ပျှမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့နဲ့ ရှမ်း၊ ကရင်၊ မွန်ပြည်နယ်တွေမှာ မတ်လ ပျှမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ် ပိုမိုခဲ့ကြောင်း ဖော်ပြပါတယ်။
ထူးခြားနေ့အပူချိန်ကတော့ ချောက်နဲ့ ဘော်လခဲမြို့တွေမှာ ၄၂ ဒီဂရီစင်တီဂရိတ်ရှိပြီး မြန်မာပြည် အလယ်ပိုင်းဒေသက မြို့အတော်များများမှာ ၄၀ ဒီဂရီစင်တီဂရိတ်ရှိခဲ့တာဖြစ်ပါတယ်။
ဒီလို အပူချိန်မြင့်တက်လာနေတာကြောင့် ကျန်းမာရေးနဲ့ သဘာ၀ ဘေးအန္တရာယ်တွေကို အလေးထားဖို့လည်း ဦးကျော်မိုးဦးက သတိပေးထားပါတယ်။
“အပူကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ၊ ဒီဟာမျိုးတွေ သတိပြုဖို့ လိုတယ်။ အဓိကက ဒီဟာတွေနဲ့ ပတ်သက်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက အပူချိန်မြင့်မားလာတဲ့အတွက် လိုအပ်တဲ့ ထုတ်ပြန်ချက်တွေ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးလေ့ရှိပါတယ်။ နောက်တခုကတော့ Weather အနေနဲ့ သတိပြုရမှာက ဒီလိုမျိုး အပူချိန်မြင့်လာရင် မွန်းလွဲညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပြီးတော့မှ လေပြင်းကျတာတို့၊ မိုးသီးကြွေတာတို့၊ လျှပ်စီးလက် မိုးကြိုးပစ်တာတို့ ဒီလိုမျိုးဖြစ်စဉ်တွေ ရှိတယ်ပေါ့နော်။ အဲဒါမျိုးအနေအထားလေးတွေလည်း သတိပြုဖို့ လိုပါတယ်။”
နှစ်စဉ် အပူချိန် အမြင့်မားဆုံးဖြစ်လေ့ရှိတဲ့ ချောက်မြို့မှာတော့ Covid-19 ကို ပိုမိုအာရုံစိုက်နေပြီး အပူချိန်သတိပေးတာတွေကိုတော့ လူမှုကွန်ယက်ကနေ ဆောင်ရွက်နေကြောင်း ချောက်မြို့နယ် အပူချိန်လျှော့ချရေးကော်မတီက ဦးဆောင်သူတဦးဖြစ်တဲ့ ဦးမိုးကျော်က ပြောပါတယ်။
“ကျနော်တို့ Covid-19 အတွက်ပဲ နည်းနည်း ကျနော်တို့ လုပ်ထားတယ်ပေါ့။ မဖြစ်သေးပေမဲ့လည်း တပ်လှန့်ထားရတာပေါ့။ ကျနော်တို့ ချောက်ကတော့ နှစ်စဉ်နှစ်တိုင်းလည်းပဲ ပူလာတဲ့အခါကျ အမြဲတမ်းသတိပေးနေကြရတာ။ ဒီနှစ်လည်း အပူချိန်က တက်တက်လာတယ်ပေါ့။ အပူချိန်က တက်လာတော့ ဂရုစိုက်ကြပါ။ ဒီလောက်ပဲ facebook ကနေ ဆော်သြတဲ့ အဆင့်ပဲရှိပါသေးတယ်။”
အပူချိန်မြင့်တက်နေချိန်မှာ ကျန်းမာရေးအရ အရိပ်အောက်မှာ နေထိုင်ဖို့၊ ပူပြင်းတဲ့နေရောင်အောက်မှာ သွားလာ၊ အလုပ်လုပ်ရင် အမိုးအကာအသုံးပြုဖို့၊ ရေချိုးရာမှာ သတိထားဖို့၊ အရက်သေစာ မသောက်စားဖို့ စတာတွေကို ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်လေ့ရှိပါတယ်။
ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာရဲ့ အယ်ဒီတာ အာဘော်မှာလည်း Covid-19 ကာကွယ်ရေးအတွက် လုံးပန်းနေချိန်မှာ မြင့်တက်လာတဲ့ နေ့အပူချိန်ကိုလည်း ဂရုပြုဖို့ တိုက်တွန်းထားပါတယ်။
Your browser doesn’t support HTML5
[Unicode Version]