ကချင်ပြည်နယ်မှာ တိုင်းရင်းသားတွေအပေါ် မြန်မာ့တပ်မတော်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်သွားစေဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာပါ ထောက်ပြချက်တွေအတိုင်း မြန်မာစစ်ခေါင်းဆောင်တွေကို ICC ရာဇဝတ်တရားရုံးမှာ နိုင်ငံတကာဥပဒေနဲ့ အညီ အရေးယူပေးဖို့ ကချင်လူမှုအဖွဲ့အစည်း (၂၅)ဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ Fact Finding Mission က သြဂုတ်လ(၂၇)မှာ ထုတ် ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်အကြီးအကဲ ၆ ဦးကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့ အကြံပေးထားတာဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ မြန်မာ့တပ်မတော်က ကျူးလွန်နေတာတွေဟာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာ ကို ကြိုဆိုထောက်ခံကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ဥက္ကဌ ကိုဂွန်ဆမ်က ပြောပါတယ်။
"Fact Finding Mission က သူတို့ထောက်ပြချက်တွေ တွေ့ရှိချက်တွေကို ကျနော်တို့ ကြိုဆိုတာပါ။ ကချင်ပြည်နယ်မှာက တိုင်းရင်းသားပေါင်း များစွာရှိပါတယ်။ ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကချင်လူမျိုးရာခိုင်နှှုန်းက ၉၀ နီးပါးဖြစ်နေပါတယ်။ နောက်တခုကတော့ ဘာသာရေးနဲ့ ပတ်သက်ရင်တော့ ခရစ်ယာန်ဘာသာဝင်တွေ ဘာကြောင့်ထွက်ပြေးနေရသလဲဆိုတာ မေးခွန်းထုတ်စရာရှိနေပါတယ်။ ဒီလိုမျိုး စစ်ရာဇဝတ်မှုဖြစ်တာတွေ၊ Crime against Huminity ဆိုတာ လူမျိုးနွယ်စုတွေကို ရာဇဝတ်ပြုတဲ့အမှုတွေ ကျူးလွန်တာ ကျနော်တို့ ခံစားနေရာတာကြာပါပြီ။ နောက်ဆုံးပြောမယ်ဆိုရင် ဒီလိုင်နောင်ခူးလိုကိစ္စမျိုးတွေ ၊ တနိုင်းတို့ မိုကိုးတို့လိုမျိုးပြည်သူလူထုတွေကို အစာငတ်ပြီးထားတာတို့၊ လူသားတွေကို လူသားဒိုင်းသဖွယ် လုပ်တာတို့ အဲဒါတွေက စစ်ရာဇဝတ်မှုမြောက်တဲ့ဟာတွေ"
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အစိုးရတပ်တွေက ကချင်ပြည်သူတွေအပေါ် ကျူးလွန်မှုတွေကို သူတို့အနေနဲ့ စာရင်းပြုစုထားကြောင်း ဗြိတိန်အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO ရဲ့ အထွေထွေအတွင်းရေမှူး ကိုခမ်းဖါဆဒမ်းက ပြောပါတယ်။
"ကျနော်တို့ ထောင်နဲ့ချီတဲ့ရွာတွေအားလုံးဖျက်ဆီးခံရတယ်။ အခုလူသိန်းနဲ့ချီပြီးတော့မှ Internally Displaced ပေါ့နော် ဒုက္ခသည်စခန်းမှာရောက်နေတယ် ဒါကသူတို့ နည်းစနစ်ကျကျနဲ့ သူတို့အဲလိုမျိုးလုပ်တယ်။ ၂ အချက်က War Crime စစ်ရာဇဝတ်မှုကျူးလွန်တယ်။ ပြည်သူတွေကို နှိတ်စက်တယ် သတ်တယ်၊ မုဒိမ်းကျင့်တယ် အဲဒါတွေကိုလည်း Fact Finding Mission ကအားလုံးရထားပြီးသား ။ အဲဒါကြောင့်သူတို့က တားဆီးရအောင် နည်းလမ်းတခု ရှာရအောင်ဆိုပြီးတော့ လုပ်နေတဲ့အခြေအနေမှာ ကျနော်တို့ကချင်တွေကတော့ ICC နည်းလမ်းသာလျင် စစ်ရာဇဝတ်တွေကိုတားဆီးနိုင်တယ်ဆိုတာကို တောင်းဆိုချင်တယ်။"
မြန်မာထိပ်တန်း စစ်ခေါင်းဆောင်တွေကို ICC ခုံရုံးတင် စစ်ဆေးဖို့ တိုက်တွန်းမှုတွေဟာ စစ်ခေါင်းဆောင်တွေကို ပိုသဘောထား တင်းမာစေပြီး မြန်မာ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် ထိခိုက်နိုင်သလို ငြိမ်းချမ်းရေးဖြစ်စဉ်တွေ နှောင့်နှေးသွားနိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ ဒီလို ခုံရုံးတင်စစ်ဆေး အရေးယူပေးမှသာ ကချင်တိုင်းရင်းသားတွေ ခံစားနေရတဲ့ ဒုက္ခတွေ ချုပ်ငြိမ်းသွားနိုင်မယ်လို့ ခံယူကြောင်း ကိုဂွန်ဆမ်က သုံးသပ်ပါတယ်။
"လူသတ်မှုကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက်မကိုင်တွယ်ဘူးဆိုရင်ပြောင်းလဲမှုရလာမှာမဟုတ်ပါဘူး။ အဲဒါကြောင့်ဒီလိုမျိုးတွေကတော့ တရားစီရင်မှုရှိမှပဲ ကျနော်တို့နိုင်ငံက ပြောင်းလဲမှာလို့ ယုံကြည်တယ်။ နိုင်ငံတကာကနေ ပါဝင်ပတ်သက်မှု အရေးယူမှုတွေကို ကျနော်တို့ တောင်းဆိုတာပါ။"
မြန်မာနိုင်ငံဟာ ICCရာဇဝတ်တရားရုံးနဲ့ပတ်သက်လို့ လက်မှတ် ထိုးထားတဲ့ နိုင်ငံတခု မဟုတ်တာကြောင့် မြန်မာအာဏာပိုင်တွေကို ဆင့်ခေါ်လို့ မရဘူးဆိုပြီး အစိုးရတာဝန်ရှိသူတွေဘက်က ထုတ်ပြောဖူးပါတယ်။ ဒါပေမယ့် လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေ ရှိနေသေးကြောင်း ကိုခမ်းဖါဆဒမ်းက ထောက်ပြပါတယ်။
"မြန်မာအစိုးရက Rome Statute မှာမပါဘူး။ သူတို့အဲဒီမှာ Sign မထိုးထားဘူး ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်အနေနဲ့ တရားလိုအနေနဲ့ တရားဆွဲရင် ရတယ် ဒါကတော့ ၁ အချက်ပေါ့နော်၊ ၂ အချက်ကတော့ UN Security Council အနေနဲ့နဲ့ ပြစ်မှုကျူးလွန်တဲ့နိုင်ငံတခုလို refer လုပ်လို့ရတယ်။ ဒါပေမယ့် စစ်ခေါင်းဆောင်နဲ့ ကျူးလွန်တဲ့ အပေါင်းအပါတွေပေါ့နော် သူတို့ကို လက်တွေ့ကျကျအရေးယူမှ ကျနော်တို့ ခံစားနေရတဲ့ ရာဇဝတ်မှုတွေကို ချုပ်ငြိမ်းနိုင်မယ်လို့ ကျနော်တို့ခံယူထားတယ်ခင်ဗျ။"
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာ စစ်တပ်အကြီးအကဲ ၆ ဦးတို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crime Against Humanity တို့ကြောင့် ICC နိုင်ငံတကာ ခုံရုံးတင်ဖို့ အကြံပေးထားတာဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံကို သွားရောက်ခွင့်မရပဲ ရိုဟင်ဂျာ ၇ သိန်းနီးပါးထွက်ပြေးခိုလုံရာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်ပြီး လူပေါင်း ၈၇၅ ဦးတို့ရဲ့ ထွက်ဆိုချက်တွေနဲ့ ဆက်သွယ်ရေး ဂြိုလ်တုက ရိုက်ကူးထားတဲ့ ဓါတ်ပုံ၊ ဗွီဒီယိုအပါအဝင် ရာဇဝတ်မှုခင်းဆိုင်ရာနဲ့ စစ်ဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တို့ရဲ့ အကူအညီနဲ့ ပြုစုထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5