ကနေဒါနိုင်ငံတွင်း ဟိန္ဒူဘုရားကျောင်းတိုက်ခိုက်ခံရမှု အိန္ဒိယဝန်ကြီးချုပ်ရှုတ်ချ

အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau တို့ အတူတွေ့ရစဉ် (ယခင်ပုံဟောင်း)

ကနေဒါနိုင်ငံမှာရှိတဲ့ ဟိန္ဒူ ဘုရားကျောင်းတခုကို Sikh ဘာသာရေး လှုပ်ရှားသူတွေက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တနင်္လာနေ့က ရှုတ်ချလိုက်ပါတယ်။ အစကတည်းက နှစ်နိုင်ငံဆက်ဆံရေး အဆင်မပြေ ဖြစ်နေတဲ့ အိန္ဒိယနဲ့ ကနေဒါအကြား အခု နောက်ဆုံးဖြစ်ရပ်ကြောင့် ဆက်ဆံရေး ပိုပြီး ထိခိုက်ခဲ့ရပါတယ်။

ဟိန္ဒူဘုရားကျောင်း တိုက်ခိုက်ခံရတဲ့ကိစ္စ ပြင်းပြင်းထန်ထန် ရှုတ်ချသလို၊ ဒါဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပျက်အောင် လုပ်တဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ် ဖြစ်တယ်ဆိုပြီး အိန္ဒိယဝန်ကြီးချုပ်က X လူမှုကွန်ရက်မှာ ရေးပါတယ်။

ကနေဒါဟာ အိန္ဒိယနိုင်ငံ ပြင်ပမှာ Sikh ဘာသာဝင်တွေ အများဆုံးရှိတဲ့ နေရာဖြစ်ပါတယ်။ ဒီအထဲမှာ ခါလီစတန် (Khalistan) လို့ခေါ်တဲ့ Sikh ဘာသာရေးလူနည်းစုတွေ အိန္ဒိယကနေ သီးခြားခွဲထွက်ပြီး လွတ်လပ်တဲ့ပြည်နယ်အဖြစ် ရပ်တည်ရေး လှုပ်ရှားမှုမှာ ပါနေကြသူတွေလည်း ပါ ပါတယ်။

၂၀၂၃ ခုနှစ်တုန်းက ဒီလို ခါလီစတန်အရေး လှုပ်ရှားသူ၊ အသက် ၄၅ နှစ်အရွယ် ကနေဒါနိုင်ငံသား ခံယူထားတဲ့ Hardeep Singh Nijjar ဗန်ကူးဗား (Vancouver) မြို့မှာ သတ်ဖြတ်ခံခဲ့ရမှုရဲ့ နောက်ကွယ်မှာ အိန္ဒိယအစိုးရ ပါဝင်ပတ်သက်နေတယ် ဆိုပြီး ကနေဒါအစိုးရက စွပ်စွဲ ပြောဆိုခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး အေးလာခဲ့တာပါ။ အိန္ဒိယကလည်း ကနေဒါဟာ ဘာသာရေး အစွန်းရောက်နေတွေကို ဆယ်စုနှစ်တွေနဲ့ချီ ခိုလှုံခွင့် ပေးနေတယ်တယ်လို့ ပြန်လှန် စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ဖြစ်ရပ်ကတော့ နိုဝင်ဘာ ၃ ရက် တနင်္ဂနွေနေ့က Toronto မြို့ အနောက်မြောက်ဘက် မိုင် ၃၀ အကွာလောက်က Brampton မြို့မှာ ဟိန္ဒူဘုရားကျောင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုပါ။ ဒီဖြစ်ရပ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ကလည်း အစောပိုင်း ပြောဆိုခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကတော့ ကနေဒါအစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေးကို လေးစားပြီး တရားမျှတမှု ရှိအောင် ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ကနေဒါနိုင်ငံတွင်း ဟိန္ဒြူဘုရားကျောင်းတိုက်ခိုက်ခံရမှု အိန္ဒိယဝန်ကြီးချုပ်ရှုတ်ချ