မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း သံအမတ်ကြီးနေရာမှာ လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်ထားမထား Credential Committee နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရေးကော်မတီက ဆုံးဖြတ်ဖို့ရှိနေချိန်မှာ သူ့ကိုပဲဆက်ထားဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေကလည်း တောင်းဆိုနေကြပါတယ်။ အခုနှစ် Credential Committee မှာပါဝင်ကြတဲ့ ၉ နိုင်ငံကတော့ အမြဲတမ်း ၃ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှားတို့အပြင် အလှည့်ကျ Andorra, Grenada၊ Nigeria, Solomon Islands, Suriname နဲ့ Togo နိုင်ငံတွေ ဖြစ်ကြပါတယ်။ Credential Committee ထဲပါဝင်တဲ့ တရုတ်၊ ရုရှား တို့နဲ့ စစ်ကောင်စီက ဆက်ဆံရေးကောင်းမွန်နေပုံရတာကြောင့် မြန်မာကိုယ်စားလှယ်အတွက် ဆုံးဖြတ်ချက်မှာ သက်ရောက်မှုရှိနိုင်မှာပါလား။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လက်ရှိတာဝန်ယူထားတဲ့ ဦးကျော်မိုးထွန်းကိုပဲ ဆက်ပြီးထားရှိဖို့ ပြည်တွင်းပြည်ပက နိုင်ငံရေး အင်အားစုတွေက ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်မှာ စည်းရုံး လှုံ့ဆော်မှုတွေ လုပ်နေကြသလို မြန်မာစစ်ကောင်စီကလည်း တရုတ်၊ ရုရှားနဲ့ အိန္ဒိယလို နိုင်ငံတွေနဲ့ ဆက်ဆံရေး တည်ဆောက်ပြီး ကုလ အဖွဲ့အစည်းထဲမှာ နေရာပြန်ရဖို့ ကြိုးပမ်းနေတာပါ။
ဦးကျော်မိုးထွန်း မြန်မာသံအမတ်ကြီးအဖြစ် ဆက်ရှိနေခြင်းဟာ လက်ရှိ ဒီမိုကရေစီလှုပ်ရှားမှုအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတခုဖြစ်ပြီး ဒီအင်အားစုတွေဘက်မှာ နိုင်ငံတကာက ဆက်လက် ရပ်တည်အောင် ကုလသမဂ္ဂကို တိုက်ရိုက် ပြောဆိုနိုင်တဲ့ အားသာချက်တခု ဖြစ်တယ်လို့ India for Myanmar အဖွဲ့က ဆလိုင်းဒိုခါရ်က ဗွီအိုအေကို ပြောပါတယ်။
" ဒီဟာကိုတော့ ကျနော်တို့အနေနဲ့ လုံးဝ အဆုံးအရှုံးခံလို့ မရတဲ့ အနေအထား ဖြစ်တယ်လို့ ဦးစွာပြောချင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ နိုင်ငံအများစုကတော့ ကျနော်တို့ဘက် ရပ်တည်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ သို့သော် အကြိမ်ကြိမ် ကြားနေပုံစံမျိုးနဲ့ ရည်တည်နေတဲ့ နိုင်ငံတွေကလည်း ကြားနေအဖြစ်သာ ဆက်လက် ရပ်တည်သွားနိုင်ခြေတော့ ရှိမယ်လို့တော့ သုံးသပ်မိပါတယ်။ ဆိုတော့ အိန္ဒိယအစိုးရကလည်း ရပ်တည်ချက်လေးတွေ ပြောင်းလဲပေးပြီးမှ ပိုပြီး ခိုင်ခိုင်မာမာနဲ့ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေနဲ့အတူ UN မှာ ရပ်တည်ပေးဖို့ တိုက်တွန်းလိုပါတယ်။"
လက်ရှိ တော်လှန်ရေးက မကြာခင်မှာ ဘယ်ဘက်က အနိုင်ရရှိမလဲဆိုတဲ့ ရလဒ် ထွက်ပေါ်လာမှာ ဖြစ်လို့ ခုလို ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်း ကိစ္စကို ဆုံးဖြတ်ကြတဲ့အခါ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဆုံးဖြတ်ချက် မမှားဖို့အရေးကြီးတယ်လို့လည်း ဆလိုင်းဒိုခါရ်က ပြောပါတယ်။
မြန်မာစစ်ကောင်စီကတော့ ပြီးခဲ့တဲ့နှစ်ကလည်း အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန်ကို ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် အတည်ပြုပေးဖို့ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် စိစစ်ခန့်အပ်ရေး Credential Committee က ဘယ်သူ့ကိုမှ မရွှေးချယ်ဘဲ အရပ်သားအစိုးရ လက်ထက်ကတည်းက ခန့်အပ်ထားတဲ့ ဦးကျော်မိုးထွန်းကိုပဲ ဆက်ပြီး ကိုယ်စားပြုခွင့် ပေးထားတာပါ။ ဒီနှစ်မှာလည်း အလားတူ ဆုံးဖြတ်ဖို့ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းနေကြတာလည်း ဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် အထွေထွေညီလာခံနဲ့ မြန်မာ့အရေး မျှော်လင့်ချက်တရုတ်အစိုးရဟာ ဒီကိစ္စမှာ ပြီးခဲ့တဲ့နှစ်က ကြားနေခဲ့ပေမဲ့ ဒီနှစ်ပိုင်းထဲမှာတော့ မြန်မာစစ်ကောင်စီနဲ့ တရုတ်အစိုးရ ဆက်ဆံရေးက ပိုပြီး နီးနီးကပ်ကပ် ရှိလာတယ်လို့ သတင်းတွေက သုံးသပ်ကြပါတယ်။ တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီဂျွမ်းနဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ စက်တင်ဘာလ ၁၈ ရက်မှာ တွေ့ဆုံခဲ့ပြီး ကုလနဲ့ အာဆီယံမှာ အရင်ကထက် ပိုပြီး ပူးပေါင်းကြဖို့ သဘောတူညီမှုတွေ ရှိခဲ့ကြောင်း သတင်းတချို့က ထောက်ပြ ရေးသားကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ သူတို့တွေ့ဆုံတာမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ နယ်စပ်ရေးရာ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာနက၊ ကထိကတဦးကတော့ ခုလို သုံးသပ်ပါတယ်။
"အထူးကိုယ်စားလှယ်လာတဲ့ကိစ္စ ဒါကတော့ ကျမတို့က ဆွေးနွေးတာက သာမန်ပြည်သူလူထု အနေနဲ့ မသိနိုင်ပါဘူး။ တရုတ် မြန်မာဆက်ဆံရေးကတော့ ဒါက အိမ်နီးနားချင်းမို့ အရေးကြီးတယ်လို့ ကျမကတော့ မြင်ပါတယ်။ ကုလသမဂ္ဂမှာ ဗီတိုပါဝါကိုင်ထားတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်တယ်။ မြန်မာနိုင်ငံနဲ့လည်း အနီးကပ် အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တယ်။ နောက် ကမ္ဘာမှာဆိုလည်း စီးပွားရေးအင်အား ကြီးထွားနေတဲ့ နိုင်ငံတခုလည်း ဖြစ်တော့ မြန်မာနိုင်ငံကိုလာတာ ကုလသမဂ္ဂညီလာခံကို ကျင်းပတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာလည်း ပါတယ်။ အကြောင်းတရား တိုက်ဆိုင်နေတာ အများကြီးပါ။ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကြိုးစားနေတဲ့ အချက်တွေလည်းရှိတယ်။ အဲဒီတော့ လာတဲ့ကိစ္စကို ကျမလည်း comment မပေးနိုင်ဘူးပေါ့။ ဒါပေမဲ့ ကုလ အထွေထွေညီလာခံနဲ့ တိုက်ဆိုင်နေတော့ (ဒီကိစ္စကို) ထည့်သွင်း ဆွေးနွေးလား မသိနိုင်ပါဘူးရှင့်။"
ဦးကျော်မိုးထွန်းကတော့ သူ့ကို ကုလသမဂ္ဂမှာ စိစစ်ရွေးချယ်ရေး အဖွဲ့က မနှစ်ကလိုပဲ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်ပြီး ခန့်ထားနိုင်ခြေရှိတယ်လို့ သိပ်မကြာခင်ကပဲ ဗွီအိုအေကို ပြောဆိုထားပါတယ်။ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်စိစစ်ရေး Credential Committee အနေနဲ့ ပုံမှန်အားဖြင့် နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းလောက်မှာ အစည်းအဝေး ကျင်းပလေ့ရှိပြီး ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံမှာ ပြန်လည် တင်ပြပြီး အတည်ပြုတာ ဖြစ်ပါတယ်။
ဒါကြောင့် စိစစ်ရေးကော်မတီအနေနဲ့ မြန်မာ့ကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး ဆွေးနွေး ဆုံးဖြတ်ကြတဲ့အခါ မြန်မာနိုင်ငံက စစ်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရိုဟင်ဂျာအရေးကိစ္စကို အလေးထား စဉ်းစားဖို့အတွက်လည်း ကုလသမဂ္ဂကို နိုင်ငံတချို့က လှုပ်ရှားသူတွေက ဒီရက်ပိုင်းအတွင်းမှာ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5