စစ်ကိုင်းတိုင်းအတွင်း စစ်ရေးတင်းမာမှုတွေ ဆက်လက်ပေါ်ပေါက်

ဒီပဲယင်းမြို့ကို PDF ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့ကြောင်း 96 Soldiers PDF - အညာတပ်ခွဲက ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဩဂုတ် ၁၈၊ ၂၀၂၄)

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မကြာသေးခင်ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ စစ်ကောင်စီ တပ်ဖွဲ့တွေ ပြန်လည်နေရာယူပြီး စစ်ရေးတင်းမာနေတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းက ကျန်ဒေသတချို့မှာလည်း ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေပြီး ဒေသခံတချို့ သေကျေထိခိုက်မှု သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ စစ်ကိုင်းတိုင်းက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အခြေစိုက်ရာ နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက သြဂုတ်လ ၁၄ ရက်ကနေ စတင်တိုက်ခိုက်ပြီး ၄ ရက်အကြာ သြဂုတ် ၁၈ ရက်မှာတော့ သိမ်းပိုက်ခဲ့ကြတာပါ။ ဒီနောက်မှာတော့ စစ်ကောင်စီ တပ်ဖွဲ့တွေက ပြန်လည်ထိန်းချုပ်ခဲ့တာကြောင့် စစ်ရေးအရ တင်းမာနေတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

"ရေဦးကနေ သူတို့ဆီကို စစ်ကြောင်းလာတာ ထောက်ပို့လာဘာလားမသိဘူး။ အဲ့စစ်ကြောင်းကို ဒီပဲယင်းကို မရောက်အောင် ကြားဖြတ်တိုက်ရင်း ကျွန်တော်တို့ ဒီပဲယင်းမြို့ကို တခါတည်း အပြီးသိမ်းလိုက်တော့တာ။ မြို့နေလူထုက ကျွန်တော်တို့ အကုန်အပြင်ထုတ်ထားပါတယ်။ သိမ်းပြီးမှ အကုန်အပြင်ထုတ်လိုက်တာ။ အန္တရာယ်များလို့။ လက်ရှိကတော့ သိမ်းပြီးပြန်ဆုတ်ထားပါတယ်။ သူတို့က MI 17 နဲ့ အင်အား ၁၀၀ လောက်ချထားတာရှိတယ်။ စစ်ရေးအခြေအနေက သူတို့မြို့ပြင်ကိုထွက်လာရင် တိုက်ပွဲနဲ့ ရင်ဆိုင်ရမယ်။ သူတို့လည်းသိပါတယ်။ အထဲထဲတောင် သူတို့နေရာတွေကို အကုန်ရှင်းလင်းပြီးတာဆိုတော့ သူတို့လည်း အပြင်တော့မထွက်ရဲလောက်ဘူး။ ထွက်ရင်တော့ တိုက်ပွဲဖြစ်မှာပေါ့။ အဲ့ဒါမဟုတ်ဘူး။သူတို့တပ်စွဲမယ်ဆိုလည်း ကျွန်တော်တို့က ပြန်သိမ်းမှာပဲ။"

ဒီပဲယင်းမြို့ကို PDF ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့ကြောင်း 96 Soldiers PDF - အညာတပ်ခွဲက ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဩဂုတ် ၁၈၊ ၂၀၂၄)


သြဂုတ်လ ၁၆ ရက်နဲ့ ၁၇ ရက်မှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ အကြိမ် ၂၀ ထက်မနည်းတိုက်ခိုက်ခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။ တိုက်ပွဲပြင်းထန်တာကြောင့် ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ၃ ဦး သေဆုံးခဲ့သလို၊ စစ်ကောင်စီတပ်က အရာရှိတချို့ အပါအဝင် သေဆုံးသူတွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။

တိုက်ပွဲအတွင်း လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီလက်အောက်က ဝန်ထမ်းတွေ၊ စစ်တပ်ထောက်ခံတဲ့ ပျူစောထီး အပါအဝင် အားလုံးစုစုပေါင်း ၁၃၂ ယောက်ကို ဖမ်းဆီးရမိထားတယ်လို့လည်း သတင်းထုတ်ပြန်ခဲ့တာပါ။

ထိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီးမှုတွေအတွက် ဗွီအိုအေက သီးခြားအတည်ပြုလို့ မရသလို၊ စစ်ကောင်စီကလည်း လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

တချိန်တည်းမှာပဲ ဒီပဲယင်းမြို့နဲ့ ၉ မိုင်အကွာ ခင်ဦးမြို့နယ်ထဲက စစ်တပ် ထောက်ခံသူတွေရှိရာ မဒေါင်းလှ ကျေးရွာကို သြဂုတ် ၁၈ ရက် မနက်ပိုင်းက ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ နောက်တရက်မှာပဲ အနီးအနား ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတချို့ သေကျေထိခိုက်ခဲ့ရကြောင်း ခင်ဦးမြို့ခံ တယောက်ကပြောပါတယ်။

"ခင်ဦးမြို့နယ် မဒေါင်းလှရွာ ပျူစောထီးရွာကို မနေ့က မြို့နယ် ပကဖ အဖွဲ့က ဝင်တိုက်တာပေါ့။ သိမ်းဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ရွာထဲရှိနေပြီ ဇီးကုန်းသကြားစက်ကနေ သူတို့စစ်ကူပေးတော့ အဲ့ဒါကြောင့် ပြန်ဆုတ်လာတာ။ မဲအိုးရွာကို မနက်က နမခ ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၁ လုံး ချသွားတာပေါ့။ အမျိုးသား ၁ ဦးက သေတယ် အပစ်မဲ့ ပြည်သူ ၁ ဦးပေါ့။ တစစီဖြစ်သွားတာ တယောက်က သေသွားတယ်။ ၂ ဦး ဒဏ်ရာရတယ်။ ထိတွေ့တိုက်ပွဲမရှိဘူး။ မဲအိုးရွာနဲ့ မဒေါင်းလှရွာနဲ့ တော်တော်ကိုလှမ်းပါတယ်။ ၅ မိုင်ကျော်ကျော်လောက်ဝေးတယ်။"

မဲအိုးရွာကို ဗုံးကြဲတိုက်ခိုက်ပြီး ၁ နာရီအကြာမှာပဲ အနီးအနား ကျေးရွာတွေကို ရဟတ်ယာဉ်ကနေ ပစ်ခတ်ခဲ့တာ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့က လက်နက်ကိုင် ပဋိပက္ခတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေကျေမှု သတင်းတွေအတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သတိပေးနေပေမဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ပေါ်ပေါက်နေတာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

စစ်ကိုင်းတိုင်းအတွင်း စစ်ရေးတင်းမာမှုတွေ ဆက်လက်ပေါ်ပေါက်