သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေစိုးရိမ် 


စစ်ကိုင်းတိုင်း သပြေသာရွာ လေကြောင်းတိုက်ခိုက်ခံရအပြီးတွေ့ရစဉ် (ဇွန် ၈၊ ၂၀၂၄)
စစ်ကိုင်းတိုင်း သပြေသာရွာ လေကြောင်းတိုက်ခိုက်ခံရအပြီးတွေ့ရစဉ် (ဇွန် ၈၊ ၂၀၂၄)

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကသပြေသာ ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သံဃာတော် နှစ်ပါးအပြင်၊ အရပ်သား ၇ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း မြေပြင်ကူညီပေးသူတွေက ဗွီအိုအေကို ပြောပါတယ်။ နောက်ထပ် လေကြောင်းတိုက်ခိုက်လာနိုင်တာတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ နောက်ဆုံးရ အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့လာတာကို ကိုစံကျော် တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက အိမ်ခြေ ၁၀၀ ကျော်သာရှိတဲ့ သပြေသာကျေးရွာမှာ ဇွန်၈ ရက် မနက်ပိုင်းက "ပ "သုံးလုံးလို့ လူသိများတဲ့ ပြည်သူ့ ကာကွယ်ရေး၊ ပြည်သူ့ အုပ်ချုပ်ရေး နဲ့ ပြည်သူ့လုံခြုံရေးက တာဝန်ရှိသူ ၂၀၀ နီးပါးလောက် ရွာရဲ့ ဘုန်းကြီးကျောင်းမှာ အစည်းဝေးပြုလုပ်နေချိန် စစ်တပ်ဘက်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းထိုင် ဘုန်းကြီးအပါအဝင် သံဃာ ၂ ပါးနဲ့ ကျောင်းမှာ ဝေယျာဝစ္စာ ပြုလုပ်နေတဲ့ ဒေသခံ ၄ ဦးအပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်မှာ ကူညီပေးခဲ့သူတွေက ဗွီအိုအေကို ပြောပါတယ်။ သပြေသာကျေးရွာ တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။

"ဂျက်ဖိုက်တာ တက်လာတယ်။ တက်လာတော့ ခါတိုင်းလိုပဲ တန်းသွားမယ်ထင်တာ။ တန်းမသွားဘဲ ဒုန်းဆိုပြီး အဲ့မှာပဲ တန်းပစ်သွားတာ။ ၃-၄ ချက် မကဘူးပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ စုံစမ်းကြည့်တော့ ဒရုန်းနဲ့ကော ချတာဆိုတော့ အချက်အရေက ၆ လုံးတွဲတွေလည်းပါတယ်လေ။ အဲ့လိုချပြီးတော့ စက်လက်နဲ့ ဂျက်ဖိုက်တာပေါ်ကနေ ပစ်သွားတယ်။ အဲ့မှာ ကျွန်တော်တို့ ရှင်းလင်းရေး ရောက်သွားတဲ့အချိန်မှာ ဘေးနားက လူပြောပြချက်အရ ကျွန်တော့်ဘေးနားကလူတွေတောင် ပေါင်မှာ မှန်သွားတယ်ပေါ့နော် စက်လက်နဲ့ပစ်သွားတာ။ ဘုန်းကြီးကျောင်း ဓမ္မာရုံလည်း ပျက်စီးသွားတယ်။ ဘုန်းကြီးနေတဲ့ ကျောင်းဆောင် အဲ့ဒါတွေလည်း ပျက်စီးသွားတယ်။ ဘုရားစေတီအရှေ့က ဆောင်းတန်းလည်း ပျက်စီးသွားတယ်။ စပြီးပြန်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ အဲ့ကို ရောက်အောင်သွားတယ် ရောက်သွားတဲ့အချိန်မှာ ဒဏ်ရာရတဲ့သူတွေကိုထုတ် သေဆုံးသွားတဲ့သူတွေိကို ထုတ်တဲ့အချိန် (လေယာဉ်) နောက်ထပ် လာတဲ့အချိန်မှာ ကျွန်တော်တို့လည်း ထွက်ပြေးရတယ်။ ဘုန်းကြီး ၂ ပါး ပါမယ်ဆို ၉ ဦးပေါ့နော်။ ရဲဘော်လေး ၁ ဦးပါမယ်။ ရပ်ကျေးပကဖ ၂ ဦးပါမယ်။ ကျန်တာတွေကအရပ်သား ပြည်သူပဲ။ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာက ၄-၅ ယောက်လောက်တော့ ရှိမှာ။ ကျန်တာတွေက နည်းနည်းပါးပါးလေး တွေနဲ့ဆိုရင် အကုန်လုံး အယောက် ၂၀ ကျော်လောက်တော့ ဒဏ်ရာရနိုင်တယ်။"

စစ်ကိုင်းတိုင်း သပြေသာရွာ လေကြောင်းတိုက်ခိုက်ခံရအပြီးတွေ့ရစဉ် (ဇွန် ၈၊ ၂၀၂၄)
စစ်ကိုင်းတိုင်း သပြေသာရွာ လေကြောင်းတိုက်ခိုက်ခံရအပြီးတွေ့ရစဉ် (ဇွန် ၈၊ ၂၀၂၄)

စစ်တပ်က ကြဲချတဲ့ ဗုံးဟာ ကျောင်းထိုင်ဆရာတော် ဆွမ်းစားဆောင် အပေါ် တည့်တည့်ကျခဲ့ပြီး သေဆုံးသွားသူထဲမှာ ကျောင်းထိုင်ဆရာတော်အပြင် အခြားနယ်ကနေ ဆေးလာကုတဲ့ ဆရာတော်တပါးလည်း ပါ၀င်ပါတယ်။ နောက်ထပ် ဆရာတော် ၂ ပါးလည်း ရရှိတဲ့ ဒဏ်ရာတွေနဲ့ ဆေးဝါးကုသနေရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီး ၃ ရက်မြောက်တဲ့နေ့ ဇွန်လ ၁၀ ရက်အထိ ကျေးရွာအပေါ်မှာ လေယာဉ်တွေ ပျံဝဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ သပြေသာကျေးရွာက ဒေသခံတွေကတော့ နောက်ထပ် လေကြောင်းတိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ကျေးရွာထဲကို ပြန်မဝင်ကြသေးဘဲ ဘေးလွတ်ရာ တောတောင်တွေထဲမှာ တိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ သပြေသာ ကျေးရွာအခြေအနေနဲ့ ပတ်သက်လို့ လေကြောင်းတိုက်ခိုက်မှုကနေ လွတ်မြောက်လာတဲ့ ဒေသခံတဦးက အခုလို ဗွီအိုအေကို ပြောပါတယ်။

"ဆရာတော် မိန့်ကြားတာလေးက ဆွမ်းဘုန်းနေချိန် သွားပြီးနာခံပြီးတော့ ဖုန်းလာတာနဲ့ ဆရာတော့်ကို ပြောပြီးတော့ ဖုန်းပြောထွက်လာတာ။ ကျောင်းမုဒ်ပေါက်မှာ ကျွန်တော်ကကြည့်နေတာ။ လေယာဉ်ဝဲတာကြီးကလည်း တမျိုးကြီးပေါ့။ ကြည့်နေရင်း အတော်လေးကြာတော့ လေယာဉ်က အပေါ်ထောင်တက်သွားပြီး လေယာဉ် ဒီနေရာ ပစ်ပြီဟေ့ဆိုပြီး ပစ်တော့မှာဆိုပြီး ဗုံးကိုဖြုတ်ချတဲ့အချိန် အကုန်လုံး ခွဲခွဲဆိုပြီး ကျွန်တော်က ပတ်ပြေးတော့တာ ကိုယ်အကာကွယ်ရမယ့် နေရာတွေကို တွန်းပြေးရတာပေါ့။ တော်ယုံတန်ယုံလောက်နဲ့ ဒီလောက်ထိ ဖြစ်လိမ့်မယ် မထင်ဘူး။ အတွင်းတော်တော်လေးကို စည်းဖောက်သွားလို့ ဒီလောက်ထိ အဆင့်ကိုရောက်သွားတာ။ ကျွန်တော်တို့ သန့်ရှင်းရေးဝင်မယ်လုပ်လိုက် အပေါ်က ဝဲလိုက်ဆိုတော့ အောက်မြေပြင် စစ်ကြောင်းကလည်း စိတ်ချရတဲ့ အနေအထားမှာ ရှိမနေဘူး။ ဒီလိုပဲ ကျွန်တော်တို့ တောတွေတောင်တွေ နီးစပ်တွေမှာပဲ မိုးကာဖျင်တဲတွေထိုးပြီး ဖြစ်သလိုလေးတွေ နေထိုင်နေရတာပေါ့။ အကာအကွယ်လေးတွေယူပြီး။ ဆုံးရှုံးသွားတာကလည်း ကျွန်တော်တို့ပြည်သူတွေရဲ့ အားကိုးရတဲ့ သာသနာ့ရိပ်သာ ဗုဒ္ဓ အဆောင်တွေ ပျက်စီးသွားတာဆိုတော့ တော်တော်လေး စိတ်ထဲမှာ မချိမဆန့်တွေ ဖြစ်နေရတာ။"

အခြားမြန်မာသတင်းဌာန တချို့မှာတော့ သပြေသာရွာကို စစ်ကောင်စီ ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၆ ဦးအထိ ရှိတယ်လို့ ရေးသားထားပါတယ်။ သေဆုံးသူအရေအတွက်နဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား စုံစမ်းအတည်ပြုလို့မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ဒီအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

လက်နက်ကိုင်ခုခံမှုတွေရှိနေတဲ့ စစ်ကိုင်းတိုင်းထဲမှာ ကျေးရွာတော်တော်များများကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့ အခြေအနေရှိနေတာကြောင့် စစ်တပ်အနေနဲ့ မြေပြင် စစ်ကြောင်းထိုးတာထက် ဝေဟင်ကနေ လေကြောင်းတိုက်ခိုက်မှုကို အဓိက အသုံးပြုတိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီလထဲမှာ သပြေသာအပါအဝင် စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ရဲ လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၄၀ နီးပါး သေဆုံးခဲ့ပြီး ၅၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်ကလည်း စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောရွာက မင်္ဂလာဆောင်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ၂၉ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ နီးပါး ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG