ကြိုဆိုသူမရှိတဲ့ အင်တာနက် အခွန် တိုးမြှင်မှု

ကြိုဆိုသူမရှိတဲ့ အင်တာနက် အခွန် တိုးမြှင်မှု

Your browser doesn’t support HTML5

ကြိုဆိုသူမရှိတဲ့ အင်တာနက် အခွန် တိုးမြှင်မှု

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ အင်တာနက် ဝန်ဆောင်မှုတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကြောင့် သုံးစွဲသူတွေ၊ လုပ်ငန်းရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကြား စိုးရိမ်မှုတွေ ထွက်ပေါ်လာနေပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ ပြီးခဲ့တဲ့နှစ်ထဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကြား နောက်ထပ် အခက်အခဲကြုံရမှာ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

အင်တာနက် ဝန်ဆောင်မှုတွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးကောက်မယ့် အစီအစဉ်ကြောင့် မိုဘိုင်းလက်ကိုင်ဖုန်းနဲ့ အွန်လိုင်းသုံးသူတွေ သာမက ဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း စိုးရိမ်လာကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ စတင်အသက်ဝင်တဲ့ အခွန်ဥပဒေ ပြင်ဆင်ချက်အရ SIM Card အသစ် ဝယ်ယူအသုံးပြုတဲ့အခါ အခွန်ငွေအဖြစ် ကျပ် ၂ သောင်းပေးရမှာ ဖြစ်သလို၊ အင်တာနက်ဒေတာ ဝန်ဆောင်မှုလုပ်ငန်းက ရရှိတဲ့ ဝင်ငွေအပေါ်မှာလည်း ကုန်သွယ်ခွန် ၁၅ ရာခိုင်နှုန်းအထိ ကောက်ခံသွားမှာပါ။

ဒီအစီအစဉ်ကြောင့် အင်တာနက် ဆက်သွယ်မှုတွေအပေါ် အားထားလာနေရတဲ့ သာမာန်ပြည်သူတွေကြား ဝန်ထုပ်ဝန်ပိုး ဖြစ်ရတယ်လို့လည်း လှိုင်သာယာမြို့က နည်းပညာကျောင်းသားတယောက်က ပြောပါတယ်။

“ဖုန်းဆင်းကတ်တခုပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် ၂၀၀၀၀ ထပ်တိုးကောက်တယ်ပေါ့နော်၊ ပြီးတော့ အင်တာနက်အပေါ်မှာ အခွန်၁၅ရာခိုင်နှုန်း တိုးကောက်တာတွေကပေါ့နော် မဖြစ်သင့်ပါဘူး။ ကျနော်တို့ဒီ လှိုင်သာယာမှာဆိုရင် အခြေခံလူတန်းစာက များပါတယ်။ အဲဒီတော့ အဲဒီအပေါ်မှာ အခွန်တွေတိုးကောက်တော့ ကျနော်တို့မှာ နေ့စဉ်နဲ့အမျှ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ အင်တာနက် ဆက်သွယ်မှုတွေအပေါ် အကန့်အသတ် ဖြစ်လာမှာကို တက်ကြွလှုပ်ရှားသူတွေကလည်း စိုးရိမ်နေကြပါတယ်။ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ အာရှ၊ ပစိဖိတ်ရေးရာ တာဝန်ခံ Daniel Bastard ကတော့ သတင်းလွတ်လပ်ခွင့်အတွက် စိန်ခေါ်မှုတခုလို့ ပြောပါတယ်။

“သိတဲ့အတိုင်း မြန်မာနိုင်ငံမှာ သတင်းစီးဆင်းမှုဟာ တကယ့်ကို မရှိမဖြစ် အရေးကြီးပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းလိုက်တာကြောင့် အချက်အလက်မှန်တွေ သိခွင့်မရတော့ပါဘူး။ လူတွေက အင်တာနက်အပေါ်မှာ အားထားနေကြရတဲ့ အချိန်မှာ အခုလို ဝန်ဆောင်မှုတွေကို အခွန်တိုးမြှင့်လိုက်တာဟာ သတင်းစီးဆင်းမှု အပေါ်မှာ သာမက သာမန်လူထုအတွက်ပါ ဝန်ထုပ်ဝန်ပိုး ဖြစ်ရပါတယ်။”

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ အခွန်ဥပဒေ ပြင်ဆင်ချက်နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာတော့ တိုင်းပြည်ဝင်ငွေပိုရဖို့အပြင်၊ အင်တာနက် အလွန်အကျွံ သုံးစွဲမှုတွေကြောင့် ပြည်သူတွေရဲ့ အလုပ်အကိုင်တွေနဲ့ လူငယ်တွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်မှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်သူတွေရဲ့ နိစ္စဒူဝ ဘဝမှာ တနေ့တခြား အရေးပါလာနေတဲ့ အင်တာနက်နဲ့ ဆက်သွယ်မှုတွေမှာ အကန့်အသတ်ဖြစ်လာမယ့်အစီအစဉ်ကို လူငယ်တွေ ကိုယ်တိုင်ကတော့ သဘောမကျကြပါဘူး။ အထူးသဖြင့် ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးပြဿနာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ တပူပေါ် နှစ်ပူဆင့် ဖြစ်ရတယ်လို့ လှိုင်သာယာမြို့ခံ နည်းပညာကျောင်းသားက ပြောပါတယ်။

“ကျနော်တို့ကလည်း ဆင်းကဒ်တကဒ် ပြောင်းသုံးတာနဲ့ မှတ်ပုံတင် ကျနော်တို့တင်တာပါပဲ။ အခုလိုမျိုး ပြည်သူအပေါ်ကို ဝန်ထုပ်ဝန်ပိုးတွေဖြစ်အောင် ပြည်သူတွေကို နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲနေရတာကို တမင်တကာကို ရည်ရွယ်ချက်ရှိရှိ လုပ်နေသလိုမျိုး ဖြစ်နေပါတယ်။”

အင်တာနက် ဝန်ဆောင်မှုအပါ် အခွန်တိုးမြှင့်လိုက်တာကြောင့် မြန်မာနိုင်ငံမှာ လူမှုရေး၊ စီးပွားရေး ရိုက်ခတ်မှုတွေ ကြီးမားနိုင်တယ်လို့လည်း RSF အဖွဲ့ရဲ့ အာရှ၊ ပစိဖိတ်ရေးရာ တာဝန်ခံ Daniel Bastard က သတိပေးပါတယ်။

“ဒီအစီအစဉ်က သာမာန်ပြည်သူတွေအတွက် သာမက စီးပွားရေး အပေါ်မှာလည်း ကြီးမားတဲ့ အကျိုးဆက်တွေ ရှိလာပါလိမ့်မယ်။ စီးပွားရေးဟာလည်း အင်တာနက်အပေါ် အားထားနေရတာပါ။ ကျနော့်အမြင်တော့ ဒါဟာသေရေးရှင်ရေးလို အရေးကြီးတဲ့ ကိစ္စပါ။”

မြန်မာနိုင်ငံက အဓိက ဆက်သွယ်ရေး လုပ်ငန်းကြီးတခုဖြစ်တဲ့ တယ်လီနော၊ မြန်မာကတော့ အခွန်ဥပဒေ ပြင်ဆင်ချက်ကြောင့် အများပြည်သူအတွက် လိုအပ်တဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု ဈေးနှုန်းတွေ တက်လာမှာဖြစ်တဲ့အတွက် သုံးစွဲသူတွေအတွက် အဟန့်အတားဖြစ်မှာ စိတ်မကောင်း ဖြစ်ရကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အခွန်ကောက်ခံမှု ပြင်ဆင်ချက် ထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း SIM Card ရောင်းချမှုတွေကို ဆိုင်းငံ့ထားပါတယ်။

.......................................

{{Unicode}}










