ယူရေနီယံသန့်စင်မှု ကန့်သတ်ချက်အီရန် ကျော်လွန် IAEA အတည်ပြု

ကုလသမဂ္ဂ IAEA အနုမြူစွမ်းအင် အေဂျင်စီ

အီရန်ဟာ ၂၀၁၅ နျူကလီယားသဘောတူညီချက်ပါ ယူရေနီယံ သန့်စင်မှုပမာဏ ကန့်သတ်ချက်ကို ကျော်လွန်ပြီး ထုတ်လုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ IAEA အနုမြူစွမ်းအင် အေဂျင်စီက အတည်ပြု ပြောကြားလိုက်ပါတယ်။

ယူရေနီယံ သန့်စင်မှုကို ၃.၆၇ ရာခိုင်နှုန်းအထိပဲ ထုတ်လုပ်ခွင့်ရှိတယ်လို့ ၂၀၁၅ သဘောတူညီချက်မှာ ကန့်သတ်ထားတာ ဖြစ်ပြီး အီရန်ဟာ ကန့်သတ်မှုထက် သန့်စင်ရာခိုင်နှုန်း ပိုထုတ်တာ တွေ့ရကြောင်း IAEA စစ်ဆေးရေးမှူးတွေက တနင်္လာနေ့မှာ အတည်ပြုပေးခဲ့တာပါ။

ဒါပေမယ့် ရာခိုင်နှုန်း ဘယ်လောက် အထိကျော်ထုတ်နေတယ် ဆိုတာကိုတော့ မပြောပါဘူး။ AP သတင်းမှာတော့ အီရန်ဟာ ယူရေနီယံ သန့်စင်မှုပမာဏကို ၄.၅ % လောက် သန့်စင်ထုတ်လုပ် ခဲ့တယ်လို့ IAEA အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ တနင်္လာနေ့ ပြောကြားချက်ကို ကိုးကားပြီး ဖေါ်ပြထားပါတယ်။

နျူကလီယားစာချုပ်ပါ ကတိပေးထားချက်တွေကို မလိုက်နာတော့ဘူးဆိုရင် နောက်ခြေလှမ်းတရပ် အနေနဲ့ သူတို့ဟာ ယူရေနီယံ သန့်စင်မှု ပမာဏကို ၂၀ % အထိ သန့်စင်ဖို့ ရှိတယ်လို့ အီရန်က အစောပိုင်းမှာ ပြောကြားခဲ့တာပါ။

ယူရေနီယံသန့်စင်မှုပမာဏ ၅ ရာခိုင်နှုန်းအထိလောက်ဟာ နျူကလီယားဓါတ်အားပေး စက်ရုံလည်ပတ်ဖို့ လုံလောက်တဲ့ စွမ်းအင်ကိုပေးနိုင်ပေမယ့် နျူကလီယားလက်နက် ထုတ်ဖို့အတွက် ဆိုရင်တော့ သန့်စင်မှု ပမာဏက ၉၀ ရာခိုင်နှုန်းလိုအပ်ပါတယ်။ ဒါကြောင့် အခု သန့်စင်ပမာဏဟာ လက်နက်ထုတ်တဲ့ အထိ လုပ်နိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။

အမေရိကန်သမ္မတ Donald Trump က ပြီးခဲ့တဲ့နှစ်မှာ အီရန်နျူကလီယားသဘောတူစာချုပ်ကနေ နုတ်ထွက်ခဲ့သလို အီရန်အပေါ် တင်းကြပ်တဲ့ ဒဏ်ခတ်မှုတွေကိုပါ ချမှတ်ခဲ့တာပါ။

အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေကြောင့် အထိနာနေတဲ့ အီရန်ရဲ့ စီးပွါးရေး ပြန်နလံထူအောင် စာချုပ်ထဲမှာ ရှိနေသေးတဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီနဲ့ ရုရှားတို့က လုပ်မပေးရင် စာချုပ်ပါ အချက်တွေကို အခု ထက်တိုးပြီး ချိုးဖောက်မယ်လို့ အီရန်က ခြိမ်းခြောက်ထားပါတယ်။

Your browser doesn’t support HTML5

ယူရေနီယံသန့်စင်မှု ကန့်သတ်ချက်အီရန် ကျော်လွန် IAEA အတည်ပြု